ကချင်မှာ ထိုးစစ်တွေရပ်တန့်ပေးကြဖို့ EU သံအမတ်အဖွဲ့ တိုက်တွန်း
2018.02.26

ကချင်ပြည်နယ် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့တွေအနေနဲ့ ထိုးစစ်တွေရပ်တန့်ပေးကြဖို့နဲ့ နိုင်ငံတကာဥပဒေအရ အရပ်သားများနဲ့ တိုက်ပွဲဝင်စစ်သည် မဟုတ်သူတွေကို ကာကွယ်စောင့်ရှောက်ရမည်ဆိုတဲ့ စည်းမျဉ်းကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာဖို့ ကချင်ပြည်နယ်ကို အလည်အပတ်သွားရောက်ခဲ့တဲ့ EU ဥရောပနိုင်ငံများ သံအမတ်အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
သူတို့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကချင်ပြည်နယ်ကို ၃ ရက်တာ သွားရောက်ခဲ့ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ဘာသာရေး၊ နိုင်ငံရေးနှင့် တိုင်းရင်းသား လူမျိုးရေးရာ ခေါင်းဆောင်တွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ နေရပ်စွန့်ခွာထွက် ပြေးခဲ့ရသူတွေ၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မြစ်ကြီးနားမြို့မှာ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ က ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နောက်တနေ့မှာ မြစ်ကြီးနားမြို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့တယ်။
ခရီးစဉ်အပြီး ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာ့ဖွဲ့စည်းပုံအခြေခံ ဥပဒေပိုင်း ဖြေရှင်းမှုနဲ့ စပ်လျဉ်းပြီး နိုင်ငံရေး သဘောတူညီချက်ရရှိနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှသာ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင် မှာဖြစ်ကြောင်း၊ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ ပြန်လည်သင့်မြတ်ရေး စီမံကိန်းများ အတွက် ယူရိုငွေ ၆၈ သန်း ပံ့ပိုးကူညီပေးနေပြီး ပဋိပက္ခဒဏ်ခံရသူတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဘက်လိုက်ခြင်းမရှိ ကူညီပို့ဆောင်ပေးနေမှုအပေါ် လောလောဆယ် ချမှတ်ထားတဲ့ ကန့်သတ်ပိတ်ပင်မှုတွေကို ရုပ်သိမ်းပေးဖို့ တိုက်တွန်းကြောင်းလည်း ဖေါ်ပြထားပါတယ်။