ပိတ်ဆို့အရေးယူမှုတွေ စလျှော့ဖို့ အီးယူနိုင်ငံတွေ သဘောတူ
2012.01.23

RFA
ပိတ်ဆို့မှု လျှော့ချရေး ပထမအဆင့် အဖြစ်နဲ့ သမ္မတ၊ ဒု သမ္မတ၊ မြန်မာ အစိုးရအဖွဲ့၊ လွှတ်တော် နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေ အပေါ် အီးယူနိုင်ငံတွေ အတွင်း ခရီးသွားလာခွင့် ဗီဇာ ပိတ်ပင် ထားတာကို ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံရောက် မြန်မာ့အရေး ဆောင်ရွက်နေသူ ရှေ့နေ ဦးမင်းလွင်ဦးက အစိုးရ အဖွဲ့ဝင် တော်တော်များများ ဥရောပမှာ အစည်းအဝေးတွေ လာတက်နိုင်အောင် အခုလို လျှော့ပေးလိုက်တယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။
မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေး လမ်းကြောင်းမှာ နောက်ထပ် အပြုသဘော ခြေလှမ်းတွေ တိုးတက် လျှောက်လှမ်းလာတာနဲ့ အမျှ လျှော့ပေါ့တာတွေ၊ ရုပ်သိမ်းတာတွေ နောက်ထပ် ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့လည်း အီးယူက ဆိုပါတယ်။
ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့ ကိစ္စမှာလည်း ကူညီထောက်ပံ့မှုတွေ တိုးချဲ့သွားမယ်လို့ ကတိပြု ပြောဆိုလိုက်ပြီး ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ကိုလည်း မြန်မာနိုင်ငံ အပေါ် ကူညီ ဆောင်ရွက်ပေးဖို့ တိုက်တွန်း လိုက်ပါတယ်။ အီးယူရဲ့ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ အကြီးအကဲ Ms. Catherine Ashton ကလည်း ပြီးခဲ့တဲ့ လပိုင်းက မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ အပြောင်းအလဲတွေဟာ ရင်သပ်ရှုမော အံ့သြစရာပါပဲလို့ ပြောပါတယ်။ Ms. Ashton ဟာ လာမယ့် ဧပြီလမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ကြေညာခဲ့ပါတယ်။