ကုန်သွယ်ရေးဆိုင်ရာ ဥရောပကော်မရှင်နာ မင်းကြီး မြန်မာပြည်လာမည်
2014.03.14
EU ဥရောပသမဂ္ဂက အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့ ကြိုးပမ်းဆောင်ရွက်နေရာမှာ ကုန်သွယ်ရေးဆိုင်ရာ ဥရောပကော်မရှင်နာမင်းကြီး Karel De Gucht ဟာ လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတချို့ကို လာရောက်မယ်လို့ ဥရောပသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
ကော်မရှင်နာမင်းကြီး De Gucht ဟာ ဗီယက်နမ်နိုင်ငံကို ဦးဆုံးပထမသွားရောက်မှာပါ။
အဲဒီနောက် ကမ္ဘောဒီးယားနိုင်ငံ၊ အဲဒီကမှ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဥရောပကော်မရှင်နာမင်းကြီးရဲ့ ပထမဦးဆုံး မြန်မာနိုင်ငံခရီးဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးဝန်ကြီး ဒေါက်တာကံဇော်၊ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်တို့အပြင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။