EU က GSP ရုပ်သိမ်းလည်း မထိခိုက်နိုင်ဟု မြန်မာပြောကြား
2018.10.25
အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ခံစားခွင့်ပြုထားတဲ့ GSP ခေါ် အကောက်ခွန်ဆိုင်ရာ အခွင့်အရေးပေးမှု စနစ်ကို ပြန်လည်ရုပ်သိမ်းဖွယ်ရှိနေတဲ့ အခြေအနေကြောင့်၊ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထိခိုက်မှာမဟုတ်ကြောင်း DICA ခေါ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတွေစာရင်းမှာ ရှေ့ဆုံးကပါဝင်ကြတာဟာ အီးယူနိုင်ငံတွေ မဟုတ်ဘဲ အာရှနိုင်ငံတွေသာဖြစ်တယ်လို့ DICA လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောဆိုပါတယ်။
အီးယူက မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်က အကောက်ခွန်ဆိုင်ရာ အခွင့်အရေးပေးမှုစနစ် GSP ခံစားခွင့်ပြုခဲ့တာပါ။ ဒီလအစောပိုင်းမှာတော့ ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီး အီးယူ ကုန်သွယ်ရေးကော်မရှင်နာ မင်းကြီးက မြန်မာကို ခံစားခွင့်ပြုထားတဲ့ GSP ကို ပြန်လည်ရုပ်သိမ်းဖို့ စဉ်းစားနေကြောင်း ကြေညာခဲ့ပါတယ်။
DICA ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဘီလျံရှိရာမှာ၊ စင်္ကာပူက ဒေါ်လာ သန်း ၇၀၀၊ တရုတ်က သန်း ၃၀၀၊ ဗြိတိန်က ၁၇၄ သန်း၊ ဂျပန်က ၁၃၄ သန်းရှိတယ်လို့ ဖေါ်ပြ ပါတယ်။
မြန်မာက အီးယူကို တင်ပို့တဲ့ ကုန်စည်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ အထည်ချုပ်လုပ်ငန်းကဖြစ်ပါတယ်။ အခု လို အီးယူက GSP ပြန်လည်ရုပ်သိမ်းမယ်ဆိုတာကြောင့်၊ မြန်မာ့အထည်ချုပ်ကုန်တွေအပေါ် အီးယူရဲ့ကုန်အမှာတွေ ကျဆင်းသွားဖွယ်ရှိတယ်လို့ လှိုင်သာယာစက်မှုဇုန် အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခင်မောင်အေး က ပြောဆိုပါတယ်။