တိုင်းရင်းသားစာပေ သင်ကြားနေတဲ့ ဆရာတွေကို အစိုးရဝန်ထမ်း ခန့်အပ်မည်
2017.10.03
အစိုးရကျောင်းတွေမှာ တိုင်းရင်းသားစာပေတွေ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ပညာရေးဝန်ကြီး ဌာနရဲ့ နေ့စားလပေး အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
နေ့စားလပေးဝန်ထမ်းအဖြစ် ခန့်အပ်သွားဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းထားတယ်လို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က ပြောပါတယ်။
"အဲဒီဆရာ၊ ဆရာမတွေကို ဆရာတို့ကနေပြီးတော့မှ ပညာရေးဝန်ကြီးဌာနနဲ့ ညှိပြီးတော့ ပညာရေးဝန်ကြီး ဌာနရဲ့ နေ့စားလပေးနဲ့ ခန့်အပ်ဖို့ဆိုပြီးတော့ ညှိထားတယ်၊ သူတို့ကနေပြီးတော့မှ သက်ဆိုင်ရာ ကာယကံရှင်တွေကနေပြီးမှ လျှောက်ထားဖို့လိုတာပေါ့နော်"
ဝန်ထမ်းလျှောက်လွှာတွေကို ဒီလ စတင်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ တိုင်းရင်းသားစာပေ သင်ကြားတဲ့ နေ့စားလပေးဆရာ ဆရာမတွေ ဝန်ထမ်းလျှောက်လွှာတွေ အခုချိန်ထိ မရရှိသေးတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
လျှောက်ထားမယ့် ဆရာ ဆရာမတွေ အခက်အခဲဖြစ်နေတာတွေကို လာရောက်တိုင်ကြားတာတွေရှိနေတာကြောင့် အမြန်ဆုံးဆောင်ရွက်ပေးဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းထားတယ်လို့ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးများရေးရာကော်မတီ ဥက္ကဌ ဦးထွန်းမင်းအောင်က ပြောပါတယ်။
"အခုက ဒီ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မွန်၊ ကရင်၊ ပအိုဝ်း စာပေသင်ကြားနေတဲ့ တိုင်းရင်းသားဆရာမတွေ က အကြီးအကျယ် အခက်အခဲဖြစ်နေတယ်။ သူတို့က မြို့နယ်ပညာရေးမှူးရုံးကိုသွားတယ်။ မြို့နယ် ပညာရေးမှူးရုံးတွေက သူတို့လည်း ညွှန်ကြားထားမှု မရှိဘူး။ ဒီဆရာမတွေက သူတို့ ဖေ့စ်ဘွတ်စာမျက်နှာမှာတွေ့တာ ရက်နှစ်ဆယ်နောက်ဆုံးဆိုတော့ သူတို့စိတ်ပူသွားတာ၊ ဘယ်မှာသင်ရမှန်းမသိဘူး။ ဝန်ကြီးချုပ် ကိုလည်း ဒီနေ့ ဖုန်းဆက်တယ်။ ပြီးရင် ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီးကိုလည်း ဖုန်းဆက်လိုက်တယ်။ အမြန်ဆုံး ဒီဥစ္စာကို ဒီပြည်နယ် ပညာရေးမှူးရုံးကို စာပို့ပေးနိုင်ဖို့။ သူတို့ မြို့နယ်အဆင့်ထိ ရောက်သွားလို့ ရှိရင် မြန်မြန် ဒီလျောက်လွှာတွေကို လက်ခံဖို့အတွက် တိုက်တွန်းထားတယ်"
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဖေ့ဘွတ်စာမျက်နှာမှာတော့ လျှောက်လွှာတင်မယ့်သူတွေဟာ မြို့နယ် ပညာရေးမှူးရုံးတွေကတဆင့် တိုင်းနဲ့ပြည်နယ်အစိုးရရုံးတွေကို လာမယ့် အောက်တိုဘာလ ၂၀ရက်နေ့ နောက်ဆုံးထား အကြောင်းကြားပေးဖို့ ဖော်ပြထားပါတယ်။
လျှောက်ထားလာသူတွေထဲက အသက် ၃၅ နှစ်အောက် ဘွဲ့တစ်ခုခုရရှိထားသူတွေဟာ ပညာရေးဝန်ကြီးဌာနရဲ့ ဆရာဖြစ်သင်တန်း တက်ရောက်ရမှာဖြစ်ပြီး သူတို့ကို လခစားဝန်ထမ်းအဖြစ် ပြောင်းလဲခန့်အပ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
ဘွဲ့မရထားတဲ့သူတွေကတော့ နေ့စားလပေးဝန်ထမ်းအဖြစ်သာ ဆက်ရှိနေမှာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အဲဒီ ဆရာ၊ ဆရာမတွေကို ထောက်ပံ့ကြေးအနေနဲ့ ပညာရေးဝန်ကြီးဌာနက တစ်လကို ငွေကျပ် ၃ သောင်း ချီးမြှင့်ထားတာ ဖြစ်ပါတယ်။
တိုင်းရင်းသားစာပေတွေကို ပညာရေးဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ ကျောင်းချိန်နဲ့လွတ်တဲ့အချိန်မှာ ဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ဖတ်စာအုပ်သင်ရိုးတွေအတိုင်း သင်ကြားပေးနေတာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရင်းသားစာပေတွေ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမဦးရေ စုစုပေါင်း ၁ သောင်း ကျော်ရှိတယ်လို့ သိရပါတယ်။