ပြည်နယ်အလိုက် ကိုယ်ပိုင်ဥပဒေနဲ့ စီမံခွင့်ရဖို့ တိုင်းရင်းသားတွေ တောင်းဆို

ပြည်နယ်အလိုက် ကိုယ်ပိုင်ဥပဒေနဲ့ ကိုယ်ပိုင်ဘဏ္ဍာ စီမံခန့်ခွဲနိုင်ရေးကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီလို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သတိပေးလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ သဝဏ်လွှာမှာ (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အခုလို ရေးသားထားတာပါ။
သီးခြားပြည်ထောင်တွေဖြစ်တဲ့ ချင်းပြည်၊ ကချင်ပြည်၊ ရှမ်းပြည်နဲ့ ဗမာပြည်မ ဆိုတဲ့ အသုံးအနှုန်းကိုလည်း NCA အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ပြည်ထောင်စုနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းသုံးနှုန်းထားပါတယ်။
လွတ်လပ်ရေး ရပြီးနောက်ပိုင်း ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေက ပင်လုံစာချုပ်သဘောတူညီချက်တွေကို အကောင်အထည်မဖော်လို့ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်း စစ်ဖြစ်ခဲ့ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတဲ့ ကာလမှာလည်း တပ်မတော်က ထပ်ပြီး အာဏာသိမ်းလိုက်တာကြောင့် အရှိန်ရနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားရတယ်လို့ ပြောပါတယ်။
အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်က အထွေထွေအကျပ်အတည်းတွေ ဖြစ်လာပြီး ပြည်သူတွေ သိန်းနဲ့ချီ စစ်ဘေးဒုက္ခသည်တွေ ဘဝကို ရောက်ရှိသွားရတယ်လို့လည်း ထောက်ပြထားပါတယ်။
၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုတဲ့နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်အခမ်းအနားတွေ ကျင်းပခဲ့တာဖြစ်ပါတယ်။