ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေ ချင်းမိုင်မှာ တွေ့ဆုံ

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေ အပါအဝင် ပြည်နယ် ၇ ခုက တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ ၅ ရက်ကနေ ၉ ရက် အထိ တွေ့ဆုံခဲ့ကြပါတယ်။

2012.08.11

လက်ရှိ အစိုးရက နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးနေတာတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့ အားလုံး လက်ခံနိုင်မယ့် အချက်အလက်တွေကို ညှိနှိုင်းတိုင်ပင်ခဲ့ကြတယ်လို့ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ဝင် ဦးခွန်ဥက္ကာ က အာအက်ဖ်အေ ကို ပြောပါတယ်။

"အဓိကတော့ တိုင်းရင်းသားတွေ အားလုံး လက်ခံနိုင်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးကြတာပါပဲ၊ Ethnic peace plan ကို အချောကိုင်တယ်၊ အဲ့ဒါကို ဘယ်လို အကောင်အထည် ဖော်မလဲ ဆွေးနွေးတယ်၊ နောက်ပြီးတော့ ဒီ Ethnic peace plan ကို နောက်ထပ် တိုင်းရင်းသား လူထု အဓိက အဖွဲ့အစည်းတွေ အမျိုးသမီးတွေ လူငယ်တွေ ရဲ့ ထောက်ခံမှု ရအောင် ဘယ်လို လုပ်မလဲပေါ့ဗျာ။ အဓိက အချက်ကတော့ ငြိမ်းချမ်းရေး လုပ်ထားတဲ့သူရော မလုပ်တဲ့သူရော ငြိမ်းချမ်းရေးလို့ မခေါ်နိုင်သေးဘူး။ အခုဟာကတော့ အပစ်အခတ်ရပ်စဲရေး ပဲ ရှိတာကိုး၊ အပစ်အခတ် ရပ်စဲရေးကနေ တဆင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အတွက် ဘယ်လို လုပ်မလဲပေါ့။ အဲ့ဒါတွေ နည်းလမ်းရှာကြတာပေါ့။"

ဒါ့အပြင် အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာခဲ့ရင် တညီတညွတ် ပြောဆိုကြမယ့် ကိစ္စတွေ အတွက် ရှေ့လာမယ့် စက်တင်ဘာလအတွင်း ညီလာခံတစ်ခု ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြကြောင်းနဲ့ အဲဒီ ညီလာခံကိုလည်း ချင်းမိုင်မြို့မှာပဲ ကျင်းပဖို့ အလားအလာများကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။