တိုင်းရင်းသားဝန်ကြီးများ အခွင့်အရေး ဥပဒေကြမ်း

တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးများရဲ့ ခံစားခွင့်တွေ အတိုင်း တပြေးညီ ရရှိရေး အတွက် အဆောင်အယောင် ဆိုင်ရာ ဥပဒေကို ရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းဖို့ အဆိုကို အမျိုးသား လွှတ်တော်မှာ မနေ့က အတည်ပြုလိုက်ကြောင်း သိရပါတယ်။

နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ (Photo: AFP/MRTV 4)

ဒီအဆိုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက မနေ့က ကျင်းပတဲ့ အမျိုးသား လွှွတ်တော် အစည်းအဝေးမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ် အသီးသီးက တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ အနေနဲ့ တိုင်းရင်းသား အရေးတွေ ဆောင်ရွက်ဖို့ အခွင့်အလမ်း မရရှိတဲ့ အတွက် တင်သွင်းတာ ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က RFA ကို ပြောပါတယ်။ ဒီအဆိုကို တပ်မတော်သား ကိုယ်စားလှယ်တွေ အားလုံး အပါအဝင် ကိုယ်စားလှယ် (၁၀၃) ဦးက ကန့်ကွက်ခဲ့ပေမဲ့ (၁၀၇) ဦးက ထောက်ခံခဲ့တဲ့ အတွက် အတည်ပြုလိုက်တာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေရဲ့ အဆောင်အယောင်ဆိုင်ရာနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို ရေးဆွဲဖို့ အမျိုးသား လွှတ်တော် ဥက္ကဌက အမျိုးသားလွှတ်တော် အမတ် ဒေါက်တာအေးမောင်ကို တာဝန် အပ်နှင်းလိုက်ကြောင်းလည်း သိရပါတယ်။ သူ့အနေနဲ့ ဒီဥပဒေကြမ်းကို အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း ကော်မတီကို တင်သွင်းရမှာဖြစ်ပြီး ဥပဒေကြမ်း ကော်မတီက ခွင့်ပြုပြီးရင် ပြည်ထောင်စု လွှတ်တော်က မဲခွဲ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။ မကြာသေးခင်က ရန်ကုန်တိုင်း ဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က တိုင်းရင်းသား ဝန်ကြီးတွေဟာ အခွင့်အရေးတွေ ဆုံးရှုံးနေကြောင်း၊ သူ့အနေနဲ့ (၆) လသက်တမ်းအတွင်း တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ မရရှိဘူးဆိုရင် ဝန်ကြီးအဖြစ်မှ နှုတ်ထွက်မှာ ဖြစ်ကြောင်း RFA ကို ပြောဆိုခဲ့ပါတယ်။