တိုင်းရင်းသားလူငယ်များ ညီလာခံ ရေဖြူမြို့နယ်မှာ ကျင်းပ


2014.04.28
dawei-dance-305 ထားဝယ် ရေအိုးရွက်အက ကနေစဉ်
photo: Kyaw Lwin Oo/RFA

တိုင်းရင်းသား အဖွဲ့အစည်းပေါင်း ၃၀ ကျော်က လူငယ် ၃၀၀ ကျော်တက်ရောက်ခဲ့တဲ့ ၆ ကြိမ်မြောက် မြန်မာနိုင် ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ တွေ့ဆုံပွဲနဲ့ ညီလာခံကို တနင်္သာရီတိုင်းဒသကြီး၊ ထားဝယ် ခရိုင် ရေဖြူမြို့နယ် ကလုံးထားကျေးရွာမှာ ဧပြီလ ၂၆ ရက်နေ့ ကစတင်ပြီး  ဒီနေ့ အထိ ၃ ရက်တိုင် ကျင်းပခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားလူငယ်အဖွဲ့တွေ က  အစိမ်းရောင်နေ့အဖြစ် ထားဝယ်ဒေသကို အခြေခံတဲ့ မြေယာပြသနာတွေနဲ့ အပြာရောင်နေ့ အဖြစ် ပြည်တွင်းငြိမ်းချမ်းရေး အကြောင်းတွေကိုပါ ထည့်သွင်းဆွေးနွေခဲ့တယ်လို့ တိုင်းရင်းသားတွေ့ဆုံ ပွဲတွေကို ပြုလုပ်ပေးနေတဲ့ ကလျာဏမိတ္တအဖွဲ့ ဥက္ကဌ ကိုဘိုဘိုလွင်က ပြောပါတယ်။

"ဆွေးနွေးပွဲမှာ အဓိကကတော့ ကျနော်တို့က အစိမ်းရောင်နေ့ကတော့ မြေယာကိစ္စတွေပါမယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်လာတော့မယ်ဆိုတော့ ဒေသခံတောင်သူတွေအနေနဲ့ ဘာတွေကို ပြင်ဆင်ထားဖို့လိုမလဲ၊ ဒါတွေပါမယ်၊ နောက်အကြီးစား စက်မှုဇုန်တွေလုပ်မယ်ဆိုရင် အဲဒါတွေနဲ့ ပတ်ဝန်းကျင် ဘာတွေဖြစ်နေလဲပေါ့နော်၊ ထားဝယ်ရဲ့အနေအထားကို အခြေခံပြီး ဆွေးနွေးကြမယ်၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေနဲ့ မူဝါဒအပေါ်မှာရော ဘယ်လိုနားလည်ထားသလဲ၊ အဲဒါလေးလေ့လာပြီး ပြန်ဆွေနွေးမည့် အစီအစဉ်ပါမယ်"

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်သောင်း ပအိုဝ်းလူငယ်အဖွဲ့က မနန်းသဇင်ကြည်ကလည်း လူငယ်အဖွဲ့တွေ အခုလိုတွေ့ဆုံပြီး ပူးပေါင်းလုပ်ကိုင်မှုတွေများလာရင် လူမှုအကျိုးပြုလုပ်ငန်းတွေ ပိုပြီးထိရောက်မယ်လို့ ပြောပါတယ်။

အလားတူ လူငယ်တွေ့ဆုံပွဲတွေကို လွန်ခဲ့တဲ့ ၂၀၀၉ နှစ် ကစတင်ကာ မွန်ပြည်နယ် မုဒုံမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးက  အလောင်းတော်ကဿဖ ၊  ချင်းပြည်နယ် ကန့်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ် အင်းလေးကန်နဲ့ မနှစ်က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွေမှာဆက်တိုက် ကျင်းပခဲ့ပါတယ်။

ဒီတွေဆုံပွဲကို တက်ရောက်လာတဲ့ တိုင်းရင်းသားတွေဟာ ရိုးရာယဉ်ကျေးမှုတွေနဲ့ တိုင်းရင်းသားအစားအစာတွေကို ဖလှယ်ခဲ့ကြပါတယ်။ လာမယ့်နှစ် ၇ ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်တွေဆုံပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။