NLD ဆုံးဖြတ်ချက် ENC အဖွဲ့ ကြိုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပါတီ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ချက်ကို တိုင်းရင်းသား လူမျိုးများ ကောင်စီ ENC က ကြိုဆိုလိုက်ပါတယ်။ NLD ပါတီ ခေါင်းဆောင်တွေရဲ့ အခုလို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်တဲ့ နိုင်ငံရေး စိတ်ဓါတ်ကို အသိအမှတ်ပြု လေးစားတဲ့ အနေနဲ့ အခုလို ကြိုဆိုရတာ ဖြစ်ကြောင်း ENC အတွင်းရေးမှုး ဒေါက်တာရွှေခါးက ပြောပါတယ်။

2011.11.20

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြသနာတွေကို တွေ့ဆုံ ဆွေးနွေးရေး ကသာ ဖြေရှင်းနိုင်မယ်လို့ ENC အနေနဲ့ ယုံကြည်ကြောင်း၊ သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံမှုက အပြန်အလှန် နားလည်မှု အဆင့် ရောက်ခဲ့ပြီး NLD ပါတီ ပြန်လည် မှတ်ပုံတင်ရေး အထိ ရလဒ်ကောင်း တစ်ခု ထွက်ပေါ်လာခဲ့ သလို မြန်မာ အစိုးရ အနေနဲ့ အလားတူ ချဉ်းကပ် ဆက်ဆံမှုမျိုး ကျင့်သုံးပြီး ကချင်ပြည်နယ် အတွင်းက စစ်ပွဲတွေ ချက်ချင်း ရပ်ဆိုင်းကာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ENC က တိုက်တွန်းထားပါတယ်။

2014 မှာ မြန်မာ အာဆီယံ ဥက္ကဋ္ဌ နိုင်ငံ အဖြစ် တာဝန်ယ ူဆောင်ရွက်ခွင့်ရတဲ့ အပေါ်လည်း ENC က ကြိုဆိုသလို မြန်မာအစိုးရ အနေနဲ့ အာဆီယံ နိုင်ငံတွေ၊ နိုင်ငံတကာ အစိုးရတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်ဖို့လည်း ENC က တောင်းဆိုလိုက် ပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား ပဋိပက္ခတွေ အဆုံးသတ်ရေး၊ ဆင်းရဲ မွဲတေမှု ပပျောက်ရေး၊ လူမှောင်ခိုကူးမှုနဲ့ မူးယစ်ဆေး မှောင်ခို ရောင်းဝယ်မှုတွေ ပပျောက်ရေး တွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာကို ထိခိုက်စေနိုင်တဲ့ အတွက် မြန်မာ အစိုးရ အနေနဲ့ ဒီကိစ္စတွေကို အရေးတကြီး ဖြေရှင်း ဆောင်ရွက်ပေးဖို့၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း မြန်မာ အစိုးရရဲ့ ဒီဆောင်ရွက်ချက်တွေကို ဝိုင်းဝန်း ပံ့ပိုးပေးဖို့ ENC က တောင်းဆို ထားပါတယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့လည်း ENC က တောင်းဆိုလိုက် ပါတယ်။

ဒီအကြောင်း ENC အထွေထွေ အတွင်းရေးမှူးနဲ့ RFA က မခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။