တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား အစီး ၄၀ ရောက်ရှိ
2023.01.25
မြန်မာပြည်မှာ ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား အစီး ၄၀ တင်သွင်း ရောက်ရှိလာတယ်လို့ စစ်ကောင်စီရဲ့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက ဇန်နဝါရီလ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံအတွင်း လျှပ်စစ်မီးတွေ ဆိုးဆိုးဝါးဝါးပြတ်တောက်နေတဲ့ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံ BYD ကုမ္ပဏီထုတ် E2 Model အမျိုးအစား လျှပ်စစ်ကားတွေကို Chin Dwin Shan Construction ကုမ္ပဏီနဲ့ NPK Motors ကုမ္ပဏီ နှစ်ခုက တင်သွင်းလာတာပါ။
Chin Dwin Shan Construction ကုမ္ပဏီ ကတင်သွင်းတဲ့ လျှပ်စစ်ကား အစီး၃၀ ထဲက ၁၀ စီးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တက္ကစီအဖြစ် ပြေးဆွဲမှာဖြစ်ပြီး NPK Motors က တင်သွင်းတဲ့ လျှပ်စစ်ကား ၁၀ စီးကိုတော့ နေပြည်တော် သပြေကုန်းဈေးမှာ တက္ကစီ အဖြစ်ပြေးဆွဲမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လျှပ်စစ်ကားတွေကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၁၊ စစ်ကောင်စီစက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက စစ်ဆေးခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးကတော့ စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမလုံလောက်မှု ပြဿနာရှိနေတာကို ထောက်ပြပါတယ်။
"သူတို့က လျှပ်စစ်မီး လုံလုံလောက်လောက်မပေးနိုင်သေးဘဲ လျှပ်စစ်ကားတွေ တင်သွင်းတယ်။ ယေဘုယျအားဖြင့် ခြုံပြောလို့ရှိရင် တိုင်းပြည်စီးပွားရေးအခြေအနေ ကတော့ ကောင်းလာစရာ အလားအလာမရှိသေးဘူးလို့ သုံးသပ်ရမှာပါပဲ"
စစ်ကောင်စီက၂၀၂၃ ခုနှစ် တစ်နှစ်လုံးကို လျှပ်စစ်ကား ရှေ့ပြေးစီမံကိန်းအဖြစ် သတ်မှတ်ထားပြီး လျှပ်စစ်ကား အားသွင်းနိုင်မယ့် နေရာတွေကိုလည်း တည်ဆောက် သွားမယ်လို့ ဆိုထားပါတယ်။
လျှပ်စစ်ကားတင်သွင်းခဲ့တဲ့ Chin Dwin Shan Construction ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၈ ရက်မှာ တည်ထောင်ထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံသား ဒါရိုက်တာအဖွဲ့ဝင် သုံးဦးနဲ့ ဖွဲ့စည်းထားတာကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ရဲ့ အချက်အလက်တွေအရ တွေ့ရပါတယ်။
အလားတူ NPK Motors ကုမ္ပဏီကတော့ မြန်မာနိုင်ငံသား ဒါရိုက်တာနှစ်ဦး ပါဝင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာ တည်ထောင်ထားတာလို့ DICA မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို လျှပ်စစ်ကားတင်သွင်းဖို့ လျှောက်ထားတဲ့ကုမ္ပဏီ ၂၆ ခုရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။