နိုင်ငံသားမဟုတ်သူတွေ ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းရေး NLD ကို အချိန်တိုးမြှင့်ပေး


2015.01.08
dassk-nld-members-305.jpg လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ NLD ပါတီဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တွေ့ရစဉ်
photo: NLD Facebook

နိုင်ငံသားမဟုတ်သူတွေကို ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အချိန်နှစ်လ တိုးပေးလိုက်ပါတယ်။

ပါတီဝင်အင်အားများတဲ့အတွက် အသေချာစိစစ်နိုင်ဖို့ အချိန်ထပ်တိုးတောင်းဆိုတာကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"သူတို့ပြောတာ ဇန်နဝါရီလ ၉ ရက်နေ့အတွင်း ဆောင် ရွက်ပေးပါလို့ ပြောတယ်၊ ကျနော်တို့ကလည်း ၂ လ ထပ်တိုးပေးပါလို့ပြောတယ်၊ သူတို့ကလည်း ခွင့်ပြုတယ်"

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီး ခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ မှာ နိုင်ငံသားပြုခွင့်ရသူ၊ ဧည့်နိုင်ငံသား၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းဖို့ နိုင်ငံရေးပါတီတွေထံ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီလုပ်ငန်းစဉ်တွေကို ဒီလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ကော်မရှင်ထံ ပြန်လည်တင်ပြဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးပါတီ ၁၀ ခုကသာ လုပ်ငန်းစဉ်အခြေအနေကို ပြန်လည်တင်ပြပြီးဖြစ်တယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးလှမောင်ချို ကပြောပါတယ်။

"နိုင်ငံရေးပါတီများအနေဖြင့် ပါတီတည်ထောင်လိုသူ၊ ပါတီဝင်လိုသူတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်လုပ်ကိုင်ဆောင် ရွက်ပြီးစီးမှု အခြေအနေကို ကော်မရှင်သို့ ပြန်လည်တင်ပြရန်ဖြစ်ပါသည်၊ ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ရန် မရှိသည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း မရှိကြောင်း တင်ပြပေးရန်ဖြစ်ပါသည် ဆိုပြီးပါရှိပါတယ်၊ အောက်တို ဘာလ ၉ ရက်နေ့မှာ ကျနော်တို့ စာထွက်လိုက်တာပါ၊ မနက်ဖြန် နောက်ဆုံးနေ့ပါခင်ဗျာ၊ အကြမ်းဖျင်း ၁ဝ ပါတီကျော်တော့ ရှိပါတယ်ခင်ဗျ၊ ကျန်ပါသေးတယ်ခင်ဗျာ"

အသစ်ပြင်ဆင်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံသားမဟုတ်သူတွေကို ပါတီတည်ထောင်ခွင့်နဲ့ ပါတီဝင်ဖြစ်ခွင့်တွေ ကန့်သတ်လိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။