ပါတီတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေ ကော်မရှင်ထံ တင်ပြရမည်
2017.11.04

နိုင်ငံရေး ပါတီတွေရဲ့ သဘောထား ထုတ်ပြန်ချက်၊ ကြေညာချက်မိတ္တူတွေကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ ပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
ထုတ်ပြန်ကြေညာချက်တွေမှာ အခြားအဖွဲ့အစည်းတွေကို အထောက်အထားမဲ့ ပြောဆိုတာတွေရှိရင် အရေးယူသွားမှာဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေကို မထိခိုက်ဘူး။ ဝေဖန်တာတွေက အခြားပါတီ၊ အစိုးရကို မထိခိုက်ဘူး ဆိုလို့ရှိရင် ကျနော်တို့က ဘာမှမပြောတော့ဘူးလေ။ ငြိနေပြီဆိုရင်တော့ အဲဒီပါတီကို ကျနော်တို့ ခေါ် ပြီးဆွေးနွေးရမှာပေါ့။ အထောက်အထားတွေ ပြခိုင်းရမှာပေါ့။ ခင်ဗျား ဘာအထောက်အထားနဲ့ ဒါကို ပြောလဲ။ ဟုတ်လား။ လက်လွတ်စပယ်ပြောရင်တော့ ကျနော်တို့က အရေးယူရမှာပေါ့။ ကျနော်ပြောချင်လို့ ပြောတာဆိုရင်လည်း အရေးယူရမှာပေါ့။ အဲဒီလိုပါ။ ကျနော်တို့က ဘာရယ်လို့ ကြပ်တဲ့သဘောမဟုတ်ပါဘူး။ ကျနော်တို့ ပါတီတွေသဘောထားကို ကော်မရှင်ကလည်း သိသင့်တယ်။ ဘာလို့ဆို ကော်မရှင်မှာလည်း ကြီးကြပ်ရမယ့် တာဝန်ရှိတယ်"
နိုင်ငံရေး ပါတီတွေအနေနဲ့ ထုတ်ပြန်ချက်နဲ့ ကြေညာချက်တွေကို ထုတ်ပြန်တဲ့နေ့မှာတင် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ကို ပေးပို့ရမှာဖြစ်ပါတယ်။
အဲဒီလို ကြေညာချက်တွေကို မိတ္တူပေးပို့ဖို့အတွက် နိုင်ငံရေး ပါတီတွေအားလုံးကို ပြီးခဲ့တဲ့ အောက်တိုဘာလ လကုန်ပိုင်းကတည်းက အကြောင်းကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။
အချို့ နိုင်ငံရေးပါတီတွေအနေနဲ့ ဖြစ်ရပ်တစ်ခုစီအလိုက် ပါတီရဲ့ သဘောထားကြေညာချက်ကို ထုတ်ပြန်လေ့ရှိပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံရေးပါတီအချို့က ရခိုင်ပြည်နယ်မှာ စစ်အုပ်ချုပ်ရေးပြဌာန်းဖို့ ကြေညာချက် ထုတ်ပြန်တာမျိုးရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီစုစုပေါင်း ၉၄ ခုရှိတယ်လို့ သိရပါတယ်။