ပါတီမှတ်ပုံတင်ခွင့် မကျသေးတဲ့ နိုင်ငံရေးပါတီ ၄ ခုရှိ
2017.11.06

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားလာတဲ့ ပါတီတွေထဲက ၄ခုဟာ ဝန်ကြီးဌာန ၂ခုရဲ့ ထောက်ခံချက်တွေ မပြည့်စုံသေးလို့ ခွင့်မပြုသေးကြောင်း ကော်မရှင် ဥက္ကဌ ဦးလှသိန်း က ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့ရဲ့ ထောက်ခံချက်တွေ စုံမှ မှတ်ပုံတင်ခွင့်ပြုနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။
"ပါတီမှတ်ပုံတင်ရင် အနည်းဆုံး ၁၅ ယောက် အဆိုပြုရတယ်၊ ဒီ ၁၅ ဦးနဲ့ ပါတီထောင်ရမယ်၊ အဲ ၁၅ ဦးကို ကျနော်တို့စစ်ဆေးရသေးတယ်၊ နိုင်ငံသားဟုတ်ရဲ့လား နိုင်ငံသားဟုတ် မဟုတ်ကို လူဝင်မှုကြီးကြပ်ရေးဌာနကို ပို့ရတယ်၊ သူတို့စစ်ဆေးပြီးမှ အကြောင်းပြန်တယ်၊ ဒါကနိုင်ငံသားဟုတ် မဟုတ်၊ ပြည်ထဲရေးကျတော့ ဒီလူတွေ ဟာ မတရားအသင်းတွေနဲ့ ဆက်သွယ်တဲ့လူတွေလား၊ ပါဝင်ဖူးတဲ့လူတွေလား၊ ကင်းရှင်းပါတယ်ဆိုတာ ပြည်ထဲရေးရဲ့ ထောက်ခံချက်လည်းလိုတယ်၊ အဲဝန်ကြီးဌာန နှစ်ခုက ထောက်ခံချက်ရမှ မှတ်ပုံတင်ခွင့်ပြုတာ"
မျိုးချစ်ညီညွတ်ရေးပါတီ၊ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ တို့က ပါတီမှတ်ပုံတင်လျှောက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအထဲက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ ပြည်သူ့ အလုပ်သမားပါတီတို့ကို နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုပေးခဲ့ပေမယ့် မျိုးချစ်ညီညွတ်ရေးပါတီ အပါအဝင် ကျန်တဲ့ ပါတီ ၄ခုကိုတော့ ခွင့်မပြုသေးတာဖြစ်ပါတယ်။
မျိုးချစ်ညီညွတ်ရေးပါတီဟာ မဘသအဖွဲ့ဝင်ဟောင်းတွေ ပါဝင်မှာဖြစ်သလို ပါတီခေါင်းဆောင်အနေနဲ့ မဘသ အဖွဲ့မှာ ဗဟိုအလုပ်အမှုဆောင်အဖြစ် ပါဝင်ခဲ့တဲ့ စာရေးဆရာ မောင်သွေးချွန် က ဆောင်ရွက်မှာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက ကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီ ၉၄ ခုရှိပါတယ်။