ကချင်နဲ့ ရိုဟင်ဂျာ နိုင်ငံရေးပါတီတည်ထောင်ခွင့် ကော်မရှင်ငြင်းပယ်

RFA Burmese
2024.07.08
ကချင်နဲ့ ရိုဟင်ဂျာ နိုင်ငံရေးပါတီတည်ထောင်ခွင့် ကော်မရှင်ငြင်းပယ် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၏ ၂၀၂၀ ပြည့်နှစ် အ‌ထွေထွေရွေးကောက်ပွဲအကြိုလှုပ်ရှားမှုကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Facebook/ Kachin National Congress KNC

Updated 12:45 PM Jul 9, 2024

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)နဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) တို့ရဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်တယ်လို့ ဇူလိုင်လ ၉ ရက်နေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေကတစ်ဆင့် ကြေညာပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့ ပုဒ်မ-၅ နဲ့ ပုဒ်မ-၆ မှာပါဝင်တဲ့ ပြဌာန်းချက်တွေနဲ့ မညီညွတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ခဲ့တာပါ။

ပုဒ်မ-၅ ပြဋ္ဌာန်းချက်ထဲမှာ ပါတီတည်ထောင်ရတဲ့ မူဝါဒနဲ့ ရည်ရွယ်ချက်တွေ၊ ပါတီအမှတ်တံဆိပ်အလံတွေနဲ့ ပါတီစည်းမျဉ်းဖွဲ့စည်းပုံတွေကို တိတိကျကျ တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။

ပုဒ်မ-၆ မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စေမဲ့ ဟောပြော စည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဖို့ ဆိုပြီး ရေးသားထားပါတယ်။

အခုငြင်းပယ်ခံရတဲ့ နိုင်ငံရေးပါတီနှစ်ခုဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကတည်းက နိုင်ငံရေးပါတီတွေ အဖြစ်မှတ်ပုံတင်ထားခဲ့တဲ့ ပါတီတွေ ဖြစ်ပါတယ်။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ(KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ စစ်ကောင်စီကဖမ်းဆီးပြီး နိုင်ငံရေးပုဒ်မဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ-၅၀၅-က နဲ့ ထောင်နှစ်နှစ် ချမှတ်ခဲ့ပါတယ်။

DHRP ပါတီကို ဦးကျော်မင်း ဦးဆောင်တဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ၁၉၈၉ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲမှာ လေးနေရာ အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းခံခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ မှတ်ပုံပြန်တင်ခဲ့သလို၊ အခုတစ်ခါ ပါတီ တည်ထောင်ခွင့် ထပ်လျှောက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အရင်ကလည်း ရခိုင်အမျိုးသားပါတီအပါအဝင် နိုင်ငံရေးပါတီလေးခုကို မှတ်ပုံတင်ခွင့် ငြင်းပယ်ထားတာကြောင့် အခုနှစ်ပါတီနဲ့ဆိုရင် မှတ်ပုံတင်ခွင့် ငြင်းပယ်ခံရတဲ့ပါတီ ခြောက်ပါတီ ရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။