ကျိုင်းတုံ ကြားဖြတ်ရွေးကောက်ပွဲရလဒ် ကန့်ကွက်မှု အယူခံ NLD အနိုင်ရ


2017.11.23
polling-station-622 ရှမ်းပြည်နယ်အတွင်းက မဲရုံတစ်ရုံကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တဲ့ ကျိုင်းတုံမဲဆန္ဒနယ်အမှတ် ၂ က ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက်ခဲ့တဲ့အမှု အယူခံအတွက် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာဝဏ္ဏစိုးကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က မနေ့က အနိုင်ပေးလိုက်ပါတယ်။

အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးရှာမွေလရှဲန်က ရွေးကောက်ပွဲအတွက် လက်ကမ်း စာစောင်တွေဖြန့်ဝေရာမှာ ပုံနှိပ်သူနဲ့ ထုတ်ဝေသူနာမည် မဖော်ပြထားဘဲ စောင်ရေ တစ်သောင်း ရိုက်နှိပ်ပြီးဖြန့်ေ၀ ခဲ့တာ စစ်ဆေးပေါ်ပေါက်တဲ့အတွက် ကန့်ကွက်သူ ဒေါက်တာဝဏ္ဏစိုးရဲ့ အယူခံကို အနိုင်ပေးလိုက်တာဖြစ်တယ်လို့ ဒေါက်တာဝဏ္ဏစိုးရဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

"ကျနော်တို့ ရွေးကောက်ပွဲ ဥပဒေနဲ့အညီ ကန့်ကွက်တယ်၊ရွေးကောက်ပွဲဥပဒေက တရားမဲ့ပြုကျင့်မှုမြောက်တာ ပေါ်ပေါက်လို့ နိုင်တာပါ။အဓိကက ရွေးကောက်ပွဲ ကိုယ်စားလှယ်ရဲ့ လက်ကမ်းစာစောင်တွေမှာ ပုံနှိပ်သူ ထုတ်ဝေသူတွေမပါဘဲနဲ့ လက်ကမ်းစာစောင်တွေ ဝေထားတဲ့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်ကို လွှတ်တော်ကိုယ်စားလှယ်ကနေ ပယ်ဖျက်လိုက်တာပါ"

ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျိုင်းတုံမဲဆန္ဒနယ် အမှတ် (၂) က လစ်လပ်နေတဲ့ ပြည်နယ်လွှတ်တော် နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ၊ NLD ပါတီ၊ SNLD ပါတီ၊ SNDP ပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီက ဦးရှာမွေလရှဲန်က ဒေါက်တာဝဏ္ဏစိုးကို မဲ ၃ ထောင်ကျော် အသာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီရလဒ်နဲ့ပတ်သက်ပြီး ဒေါက်တာဝဏ္ဏစိုးက ကန့်ကွက်လွှာတင်သွင်းခဲ့ပြီး ရွေကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက အမိန့်ချမှတ်ရာမှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို အနိုင်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒေါက်တာဝဏ္ဏစိုးက အယူခံထပ်တင်ခဲ့တဲ့အတွက် မနေ့က ရွေးကောက်ပွဲကော်မရှင်ရဲ့ စုံညီခုံရုံးက စစ်ဆေးပြီး ဒေါက်တာဝဏ္ဏစိုးကို အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီနဲ့ ကြံ့ခိုင်ရေးပါတီ အပြန်အလှန်ကန့်ကွက်မှု ၆ မှုရှိခဲ့ပြီး အမှုအားလုံး မှာ NLD ကိုယ်စားလှယ်လောင်းတွေက အနိုင်ရခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။