ကော်မရှင်ဝန်ထမ်း ၂၄၀ ကျော်ကို NUG အမည်ပျက် စာရင်းသွင်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အာဏာရှင်ဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ မပါဝင်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်က ဝန်ထမ်း ၂၄၀ ကျော်ကို အမည်ပျက်စာရင်းတင်သွင်းပြီး အလုပ်ကနေ ထုတ်ပယ်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဒီနေ့ရက်စွဲနဲ့ သတင်း ထုတ်ပြန်ပါတယ်။
NUG က နိုင်ငံဝန်ထမ်းတွေကို စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ဘဲ အာဏာရှင်ဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်ဖို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် စစ်ကောင်စီရဲ့ ဥပဒေမဲ့ လုပ်ဆောင်ချက် တွေကို ကန့်ကွက်တာ၊ ငြင်းပယ်တာမရှိဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ ကော်မရှင်ဝန်ထမ်းတွေကို အမည်ပျက်စာရင်း တင်သွင်းလိုက်တာလို့ ပြောပါတယ်။
NUG ရဲ့ အမည်ပျက်စာရင်းတင်သွင်းခံရသူတွေထဲမှာ ဦးရဲရင့်လွင် ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုင်းကျော်သူ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ကျော်စိုး ညွှန်ကြားရေးမှူး အစရှိတဲ့ ပုဂ္ဂိုလ်တွေပါဝင်ပြီး ရာထူး အဆင့်ဆင့်အနေနဲ့ ညွှန်ကြားရေးမှူးချုပ်ကနေ တိုင်းနဲ့ပြည်နယ်အသီးသီးက ဦးစီးအရာရှိ အဆင့်ထိ ပါဝင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေနဲ့ CDM မှာပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေ လုံခြုံ ဘေးကင်း စေရေးအတွက် ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ပြီး အလေးထားဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။
CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးရမိတဲ့အခါ ထောင်ဒဏ်နှစ်ရှည်ကျခံရနိုင်တဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ချနေတာတွေလည်းရှိပါတယ်။
တနင်္သာရီမြို့နယ်က CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ စည်ပင်အင်ဂျင်နီယာ ဦးအောင်သက်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နဲ့ ထားဝယ်အကျဉ်းထောင်တွင်း တရားရုံးက အခုလ ၃ ရက်နေ့မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။