ဆန္ဒပြအလုပ်သမား ၈ ဦး ပြန်လည်လွတ်မြောက်
2015.02.21

ရွှေပြည်သာစက်မှုဇုန် အလုပ်သမားစုပေါင်း သပိတ်စခန်း ကနေ မနေ့ညက ဖမ်းဆီးခံရတဲ့ အလုပ်သမား ၂၄ ဦး ထဲက ၈ ဦး ပြန်လည်လွတ်မြောက်လာပါတယ်။ အဲ့ဒီ ၈ ဦးကို ရဲတပ်ဖွဲ့က ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ် တယ်လို့ အလုပ်သမားစုပေါင်း သပိတ်ကော်မတီဝင် ကိုသူဇော်ကြည်ဝင်းက ပြောပါတယ်။
"၂၄ ဦးရှိတယ်၊ ကျနော်တို့ အဲ့ဒီ ၂၄ ဦးကို ဘာကြောင့်သိလဲဆိုတော့ ဖမ်းဆီးခံတုန်းက အတူတူ ရှိနေတဲ့သူတွေက ပြန်ပြောချက်အရ ၂၄ ဦးအဖမ်းခံရတယ်၊ ၈ ဦးပြန်ရောက်လာတယ်၊ ကျန်တဲ့လူတွေကျန်သေးတယ်၊ နောက်တစ်ခုက အယောက် ၃၅ဝ ကျော်က ပျောက်နေတယ်၊ အဖမ်းခံတဲ့ထဲမှာလည်း ပါသွားတဲ့လူတွေရှိသလို ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေလည်း ရှိကောင်းရှိမယ်"
ရွှေပြည်သာစက်မှုဇုန် အလုပ်သမားစုပေါင်းသပိတ်ကို ရဲတပ်ဖွဲ့က မနေ့ညက ဝင်ရောက်ဖြိုခွဲခဲ့ပြီး အလုပ်သမား ၂၄ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ပဋိပက္ခမှာ အလုပ်သမား ၂ဝ ကျော်နဲ့ ရဲဝန်ထမ်း ၁ဝ ဦးကျော် ဒဏ်ရာရရှိခဲ့ ပါတယ်။
Elan Myanmar၊ Costec နဲ့ Ford Glory အထည်ချုပ်စက်ရုံက အလုပ်သမား ၅ဝဝ ကျော်ဟာ Elan Myanmar အထည်ချုပ်စက်ရုံရှေ့မှာ ဆက်လက်သပိတ်စခန်းဖွင့်ထားဆဲဖြစ်ပါတယ်။
အဲ့ဒီသပိတ်စခန်းက အလုပ်သမားကိုယ်စားလှယ်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆွေးနွေးညှိနှိုင်းဖို့ ဒီကနေ့ခေါ်ယူခဲ့ပေမယ့် အလုပ်သမားကိုယ်စားလှယ်တွေက ဖမ်းဆီးခံထားရတဲ့ အလုပ်သမားအားလုံးကို လွှတ်ပေးမှ ဆွေးနွေးမယ်ဆိုပြီး ငြင်းပယ်လိုက်ပါတယ်။