မြစ်သာမြစ်ကူးတံတားကျိုးကျလို့ ပျောက်ဆုံးသူ ရှစ်ဦး အလောင်းတွေ့

2022.04.28
မြစ်သာမြစ်ကူးတံတားကျိုးကျလို့ ပျောက်ဆုံးသူ ရှစ်ဦး အလောင်းတွေ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က မြစ်သာမြစ်ကူးတံကားကို တွေ့ရစဉ်
.

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဧပြီလ ၂၇ ရက် မနေ့က တိုက်ပွဲကြောင့် မြစ်သာမြစ်ကူး တံတားကနေ ဒေသခံတွေ ထွက်ပြေးကြရာမှာ တံတားကျိုးကျတဲ့အတွက် လူရှစ်ဦး သေဆုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသခံတွေဟာ အရှေ့စည်းကျေးရွာနဲ့ ဒိုးနွယ်ရွာကဖြစ်ပြီး မြစ်သာမြစ်တစ်ဖက်ကမ်း မှာရှိတဲ့ တောထဲကို မြစ်ကူးတံတားကနေ ဖြတ်ပြေးကြရာမှာ တံတားကျိုးကျခဲ့တာဖြစ်ပြီး နောက်ထပ်ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကလေး တောင်ပိုင်းဘက်မှာ တိုက်ပွဲဖြစ်တာတော့ နှစ်ရက်၊ သုံးရက်လောက်ရှိပြီ။ အဲဒီအနီးအနားက ရွာက ဒေသခံတွေက စစ်ဘေးရှောင်နေရတာ။ မနေ့က တိုက်ပွဲ ဖြစ်တော့ ပြေးကြတာ။ လူတွေ၊ ဆိုင်ကယ်တွေ ပစ္စည်းတွေရောဆိုတော့ တံတားက အလယ်ကနေ ကျိုးကျတာ။ သေတာက ၁၀ ယောက်ကျော်တယ်။ အခုမနက်ထိ အလောင်းရှစ်လောင်းပဲ ဆယ်လို့ရသေးတယ်"

ရေနစ်သေဆုံးခဲ့ရသူတွေထဲမှာ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်တစ်ဦးလည်း ပါဝင်တယ်လို့ ပြောပါတယ်။

အဲဒီတံတားဟာ ဝါး၊ အထပ်သားတွေနဲ့ တည်ဆောက်ထားတဲ့ တံတားဖြစ်ပြီး ဒေသခံတွေ အစုလိုက်အပြုံလိုက် ဖြတ်လျှောက်ပြီး ထွက်ပြေးကြရာမှာ ခံနိုင်ဝန်အား မမျှတာကြောင့် တံတားကျိုးကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ နယ် အရှေ့စည်းရွာရဲ့ အနောက်မြောက်ဘက်မှာ ဧပြီ ၂၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး PDF အဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တာကြောင့် အနီးအနားမှာရှိတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတာပါ။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒိုးနွယ်ကျေးရွာနဲ့ အရှေ့စည်းကျေးရွာအပါအ၀င် အနီးအနားကျေးရွာတွေက ဒေသခံ ငါးထောင်ဝန်းကျင်ဟာ မြစ်သာမြစ် အရှေ့ဘက်မှာရှိတဲ့ တောတောင်တွေထဲမှာ ထွက်ပြေးနေကြရတယ်လို့ ဒုက္ခသည်အရေးကူညီနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။