ပညာရေးဥပဒေ ကန့်ကွက်တဲ့ ခရီးရှည် ချီတက်ပွဲ စတင်
2015.01.20

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက် တဲ့ ကျောင်းသား ၁၀၀ ကျော်က မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဒီနေ့ စတင်လမ်းလျှောက် ဆန္ဒပြကြပါတယ်။
အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ပေး ဖို့ ကျောင်းသားတွေက ရက်ပေါင်း ၆၀ ကျော် ကြာ တောင်းဆိုခဲ့ကြပေမဲ့ အစိုးရဘက်က တုန့်ပြန်မှုမရှိ တာကြောင့် ကျောင်းသား တွေက အခုလိုဆန္ဒပြကြ တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် က ပြောပါတယ်။
"ကျနော်တို့ ရက် ၆၀ ကာလထဲက အစိုးရကို ညှိနှိုင်း ထားတာရှိပါတယ်၊ အခုရက် ၆၀ ကျော်လာတဲ့ အခါမှာ အစိုးရက တစ်စုံတစ်ရာ ညှိနှိုင်းလာတာ မရှိတဲ့အတွက် ကျနော်တို့ သပိတ်တိုက်ပွဲကို အခုလိုအရှိန်မြှင့်လိုက်တာဖြစ်တယ်၊ ဒီအရှိန်မြှင့်ပြီးတာနဲ့ ကျနော်တို့ တနိုင်ငံလုံးက ကျောင်းသားတွေ ရန်ကုန်မှာ ဆုံပြီးရင် သပိတ်ဆောင်ရွက်နေချိန်မှာပဲ မြို့ကြီးတွေမှာ မုံရွာ၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့ကြီးတွေမှာ ရန်ကုန်သပိတ်နဲ့ ဟန်ချက်အညီ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ လုပ်ဆောင်သွားဖို့ အနေအထားတွေကအစ ပြင်ဆင်ထားပြီးသားပါ "
လမ်းလျှောက်ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ မန္တလေး - ရန်ကုန်ကားလမ်းမဟောင်း အတိုင်းရန်ကုန်မြို့ကိုချီတက် မှာဖြစ်ပြီး ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့တွေကို ဖြတ်သန်းသွားမှာဖြစ်ပါတယ်။
ဆန္ဒပြရာလမ်းကြောင်းတစ်လျှောက်မှာလည်း ဟောပြောပွဲတွေကျင်းပသွားမယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကျောင်းသူတွေ အပြင် လူ့ဘောင်သစ် လူငယ်အဖွဲ့ဝင်တွေလည်း ပါဝင်ကြ ပါတယ်။ ပခုက္ကူမြို့နယ်နဲ့ ထားဝယ်မြို့နယ်က ဆန္ဒပြကျောင်းသားသမဂ္ဂအဖွဲ့ ဝင်တွေကလည်း မန္တလေးမြို့က ဆန္ဒပြကျောင်းသားတွေနဲ့ ရန်ကုန်မြို့မှာ လာရောက်ပူးပေါင်းဆန္ဒပြကြ မှာဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေကြမ်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၃ဝ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်း ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဥပဒေကြမ်းကိုကန့်ကွက်တဲ့ ကျောင်းသားသမဂ္ဂဝင်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ၄ ရက်တိုင်တိုင် ရန်ကုန်မြို့မှာ သပိတ် မှောက်ဆန္ဒပြ ခဲ့ကြပြီး အစိုးရကို ရက် ၆ဝ အတွင်းမှာ သပိတ်မှောက်ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေး နွေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။