ပဋိပက္ခတွေချုပ်ငြိမ်းအောင်လုပ်ဖို့ ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း

RFA Burmese
2023.04.10
ပဋိပက္ခတွေချုပ်ငြိမ်းအောင်လုပ်ဖို့ ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့တွင်ပြုလုပ်သော ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနား တက်ရောက်လာသည့် ကာဒီနယ် ချားလ်စ်မောင်ဘို။
Reuters

အဖိနှိပ်ခံနေရသူတွေ၊ ခွဲခြားဆက်ဆံခံနေရတဲ့သူတွေအတွက် အတူတကွရပ်တည်ရမယ်လို့ မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်မောင်ဘိုက မနေ့က ကျရောက်တဲ့ ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ အီစတာပွဲတော်နေ့မှာ ပြောလိုက်ပါတယ်။

လူတွေကို ဒုက္ခရောက်အောင် ဆင်းရဲမွဲတေအောင် လုပ်နေတဲ့စနစ်၊ လူ့သက်တမ်းမကုန်သေးဘဲ အသက်ဆုံးရှုံးနေရတဲ့ စနစ်ချုပ်ငြိမ်းဖို့ ကြိုးစားကြရမယ်လို့ သူက ခရစ်ယာန်တွေကို တိုက်တွန်းလိုက်တဲ့အကြောင်း UCA သတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။

"ကျွန်တော်တို့ အားလုံးက ငြိမ်းချမ်းရေးတည်ဆောက်သူတွေဖြစ်ရမယ်၊ ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် အလုပ်လုပ်ရမယ်။ ပြန်လည်သင့်မြတ်မှုတွေ ဆောင်ကြဉ်းလာရမယ်၊ တစ်ဦးချင်းစီကနေ ကမ္ဘာကြီးတစ်ခုလုံးအထိ ဖြစ်အောင် ဆောင်ရွက်ကြရမယ်"လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ ပြန်လည်လွတ်မြောက်ပြီး ငြိမ်းချမ်းပါစေလို့လည်း အသက် ၇၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကာဒီနယ် ချားလ်စ်ဘိုက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား၊ ကရင်၊ ချင်းနဲ့ ကချင်ပြည်နယ်တွေမှာ ခရစ်ယာန် ဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ အပါအဝင် ဘာသာရေးအဆောက်အဦ ၁၆ဝ ကျော် ဖျက်ဆီးခံရသလို၊ အဲဒီထဲမှာ ကာဒီနယ် ချားလ်မောင်ဘိုရဲ့ဇာတိမြေ ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မုံလှရွာကိုလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဘာသာရေးအဆောက်အဦတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာမရှိဘူးလို့ ပြီးခဲ့တဲ့နှစ် ဧပြီလက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။