ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ကာဒီနယ်ဘို တိုက်တွန်း
2025.01.03
စစ်ဘေးသင့်နေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဖို့နဲ့ အရပ်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဦးစားပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ဖို့ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက တိုက်တွန်းလိုက်ပါတယ်။
“အကြမ်းဖက်မှု သံသရာကို ရပ်တန့်မယ်၊ အရပ်သားတွေ အထူးသဖြင့် အပြစ်ကင်းတဲ့ ကလေးသူငယ်တွေကို ကာကွယ်ပေးဖို့ ကျွန်တော်တို့ တညီတညွတ်တည်း စည်းလုံးကြရမယ်။ တကွဲတပြားစီဖြစ်နေကြတဲ့ မိသားစုတွေ ပြန်ဆုံကြစေဖို့နဲ့ ပြည်သူတွေရဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားရလာစေဖို့ ဆောင်ရွက်ကြရမယ်” လို့ ချားလ်စ်မောင်ဘိုက သူရဲ့နှစ်သစ်ကူး သဝဏ်လွှာမှာ ပြောလိုက်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာပြည် နေရာတိုင်းမှာ ငြိမ်းချမ်းရေးရရှိဖို့၊ အိုးမဲ့အိမ်မဲ့ဖြစ်နေသူအားလုံး ခိုလှုံနေထိုင်ခွင့်ရဖို့နဲ့ လူငယ်တွေအနေနဲ့ သူတို့နဲ့ ထိုက်တန်တဲ့ အနာဂတ်ကို တောင်းဆိုဖို့အတွက် မျှော်လင့်ချက်တွေ တိုးလာပါစေလို့လည်း သူက ဆန္ဒပြုလိုက်ပါတယ်။
လူငယ်တွေဟာ ငြိမ်းချမ်းရေးဗိသုကာတွေဖြစ်ပြီး သူတို့ကို အခွင့်အရေးတွေပေးဖို့ လိုလားတယ်လို့ ချားစ်မောင်ဘိုက ပြောပါတယ်။
လုံခြုံစိတ်ချရတဲ့အခင်းအကျင်း၊ ပညာရေးနဲ့ တခြားအခွင့်အလမ်းတွေထောက်ပံ့ပေးပြီး လူငယ်တွေကို သူတို့ဘဝတွေသာမက နိုင်ငံကိုပြန်လည်တည်ဆောက်နိုင်အောင် လုပ်ဆောင်ရမယ်လို့လည်း ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ သုံးသန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNOCHA ရဲ့ စာရင်းတွေအရ သိရပါတယ်။