အရှေ့အုပ်စု အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ ပြေလည်ပြီးဆုံး
2013.12.07
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် အရှေ့တိုးတက်ရေးကုမ္ပဏီ East Group အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်ကျော် တစ်လနီးပါးကြာ ဆန္ဒပြနေတာဟာ အလုပ်ရှင်နဲ့ မနေ့က ပြေလည်မှုရရှိသွားတယ်လို့ သိရပါတယ်။
အလုပ်သမားတွေ တောင်းဆိုတဲ့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတစ်ဦးကို ပြန်ခန့်ပေးဖို့၊ မန်နေဂျာ ၅ ယောက်ကို အလုပ်ထုတ်ပေးဖို့ နဲ့ ဆန္ဒပြနေစဉ်အတွင်း လုပ်ခလစာ အပြည့်အဝရရှိဖို့ဆိုတဲ့ အချက် ၃ ချက်ကို အလုပ်သမားတွေဘက်က တောင်းဆိုဆန္ဒပြနေတာပါ။ အဲဒီအထဲက မန်နေဂျာတွေကို အလုပ်ထုတ်ပေးဖို့ အချက်ကလွဲလို့ ကျန်တဲ့ ၂ ချက်ကို အလုပ်ရှင်ဘက်က လိုက်လျောပေးခဲ့တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုမျိုးကိုကိုက ပြောပါတယ်။
“တောင်းဆိုထားတဲ့ ၃ ချက်မှာ အလုပ်အမှုဆောင် ကိုပြည့်ဖြိုးအောင်ကိုလည်း အလုပ်ပြန်လည်ခန့်အပ်ပေးပါတယ်၊ အလုပ်သမားတွေရဲ့ လုပ်ခလစာကိုလည်း အပြည့်အဝမဟုတ်ပေမယ့် အလုပ်သမားတွေ ကျေနပ်လောက်တဲ့ အနေအထားကိုတော့ အလုပ်ရှင်က လိုက်ရောပေးတဲ့အတွက် အလုပ်သမားတွေအားလုံးလည်း ကျေနပ်သွားကြတယ်၊ ကျနော်တို့ဆီ လျော်ကြေးတောင်းထားတဲ့ ကိစ္စတွေကိုလည်း လုံးဝမတောင်းတော့ပဲနဲ့ လုပ်ငန်းခွင်ထဲမှာ အေးအေးဆေးဆေး အလုပ်ပြန်လုပ်ပေးပါ ဆိုပြီးတော့ ကျနော်တို့ကို တောင်းဆိုတဲ့အတွက် ကျနော်တို့အလုပ်သမားတွေကလည်း ကျေနပ်ပြီး လက်ခံလိုက်တယ်”
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က စက်ရုံအလုပ်သမား တစ်ယောက်ကို ခွင့်မဲ့အလုပ်ပျက်တယ်ဆိုပြီး စက်ရုံက အလုပ်ထုတ်လိုက်တာကြောင့် အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမား ၁၀၀၀ ကျော်ဟာ ၂၃ ရက်ကြာ တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ပြေလည်မှုတွေ ရရှိသွားပြီဖြစ်လို့ လာမယ့် ဒီဇင်ဘာလ ၉ရက်နေ့မှာ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်ကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။