စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် မြို့၁၀ မြို့မှာ ငလျင်အန္တရာယ် သတိထားဖို့ ထုတ်ပြန်
2016.09.25

ရန်ကုန်နဲ့ မန္တလေးမြို့ဟာ စစ်ကိုင်းပြတ်ရွေ့ကြောအနီးမှာ ရှိနေပြီး အထပ်မြင့် အဆောက်အဦးတွေ များတဲ့အတွက် ငလျင်အန္တရာယ် ပိုမိုသတိထားဖို့နဲ့ အထပ်မြင့် အဆောက်အဦးတွေကို ငလျင်ဒဏ်ခံနိုင်ရည် ရှိ မရှိ ဆန်းစစ် ဖို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက မနေ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ လူနေထူထပ်တာကြောင့် အထပ်မြင့်အဆောက်ဦး တွေကို ငလျင်ဒဏ်ခံနိုင်မှု ရှိမရှိ ဆန်းစစ်သင့်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှုး ဒေါက်တာမျိုးသန့်က ပြောပါတယ်။
"ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အဆောက်အဦးတွေက ငလျင်ဒဏ်ဆိုတဲ့ဟာကို ထည့်သွင်းစဉ်းစားပြီး ဆောက် လုပ်တာ တော်တော်နည်းမယ်လို့ထင်တယ်။ ရန်ကုန်ရော မန္တလေးရောမှာရှိတဲ့ အဆောက်ဦးတော်တော် များများဟာ ငလျင်လှုပ်ခဲ့မယ်ဆိုရင် ဒဏ်ခံရနိုင်တာ ရာခိုင်နှုန်းတော်တော်များပါတယ်။ မြို့ကြီးတွေပေါ့ ၊ အထူးသဖြင့် ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေအနေနဲ့ ရှိနေတဲ့အဆောက်ဦးတွေကို ငလျင်ဒဏ်ခံနိုင်မှု ရှိမရှိ အသေးစိတ်ပေါ့ စစ်ဆေးမှုတွေမလုပ်နိုင်တောင်မှပဲ မြန်မြန်ဆန်ဆန်လေ့လာနိုင်တဲ့ နည်းပညာတွေ သုံးပြီး လေ့လာလို့ရပါတယ်" လို့ ဒေါက်တာမျိုးသန့် က ပြောတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိကပြတ်ရွေ့ကြောတစ်ခုဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့ကြောဟာ ဘေးတိုက်ပြတ်ရွေ့ဖြစ်ပြီး ငလျင် လှုပ်ရင် အထက်အောက် လှုပ်ရှားမှုထက် ဘေးတိုက်လှုပ်ရှားမှုတွေကို ပိုခံစားရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်မှာရှိတဲ့ မြစ်ကြီးနား ၊ သပိတ်ကျင်း၊ တကောင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနဲ့ ပဲခူးစတဲ့မြို့တွေဟာလည်း ငလျင်ဒဏ်ခံရဖွယ်ရှိတယ်လို့ ဒေါက်တာ မျိုးသန့်က ပြောပါတယ်။
အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဆေးရုံ၊ စာသင်ကျောင်း စတဲ့အဆောက်အဦးတွေကို အသေးစိတ်လေ့လာဆန်းစစ်ပြီး ငလျင်ဒဏ်ခံနိုင်မှုမရှိတာတွေ့ရင် ပြန်လည်ပြင်ဆင် သင့်တယ်လို့လည်း ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံ ငလျင်ကော်မတီက ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေနဲ့ ဘေးကင်းလုံခြုံတဲ့ ဆောက်လုပ်မှု ဆိုင်ရာ အလေ့အကျင့်များဆိုတဲ့ ခေါင်းစဉ်နဲ့ အသိပညာပေး ဟောပြောပွဲတွေ ကျင်းပနေပါတယ်။