ငလျင်အတွက် နိုင်ငံတကာ ကယ်ဆယ်ရေးလေယာဉ် ၁၄ စီးထပ်ရောက်လာ

RFA Burmese
2025.04.02
ငလျင်အတွက် နိုင်ငံတကာ ကယ်ဆယ်ရေးလေယာဉ် ၁၄ စီးထပ်ရောက်လာ အင်ဒိုနီးရှားနိုင်ငံမှ ရောက်ရှိလာသော ကယ်ဆယ်ရေးအဖွဲ့များနှင့် ပစ္စည်းများအား ဧပြီလ ၁ ရက်နေ့တွင် တွေ့ရစဉ်။
MRTV

နေပြည်တော် စစ်ကောင်စီတပ်လေဆိပ်ကို ဧပြီလ ၁ ရက် မနေ့က နိုင်ငံ ခုနစ်ခုက ကယ်ဆယ်ရေးလေယာဉ် ၁၄ စင်းထပ်ရောက်လာတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက ဧပြီလ ၂ ရက် မှာဖော်ပြပါတယ်။

အဲ့ဒီလေယာဉ်တွေထဲ ရုရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘူတန်၊ ဖီလစ်ပိုင်၊ လာအိုနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေ၊ ဆေးအဖွဲ့တွေ၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပစ္စည်းတွေ နဲ့ ဆေးဝါးတွေပါတယ်လို့ ဆိုပါတယ်။

ရောက်ရှိလာတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ငလျင်ဘေးသင့်ဒေသတွေကို အဖွဲ့ခွဲပြီး ကယ်ဆယ်ရေးနဲ့ ဆေးကုသရေးလုပ်ငန်းတွေဆောင်ရွက်မှာဖြစ်ပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကတော့ စစ်ကောင်စီအနေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကန့်အသတ်မရှိ လွတ်လွတ်လပ်လပ်သွားခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီအကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်ဖို့လိုအပ်သလို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းတွေဘက်ကလည်း လမ်းတွေဖွင့်ပေးဖို့လိုအပ်ပြီး အကူအညီပေးနေသူတွေကိုလည်း ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးရမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က မတ်လ ၃၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။

ငလျင်ဟာ အရင်ကတည်းက ဆိုးရွားနေပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို ပိုပြီးဆိုးဝါးစေသလို ပြည်သူတွေ ကြုံနေရတဲ့ ပိုမိုနက်ရှိုင်းတဲ့ အားနည်းချက်တွေကိုလည်း ပေါ်လွင်လာစေတယ်လို့ သူက ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။