မန္တလေး ကျုံးဘေးက ငလျင်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက နေရာရွှေ့ခိုင်း

RFA Burmese
2025.04.06
မန္တလေး ကျုံးဘေးက ငလျင်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက နေရာရွှေ့ခိုင်း သုဓမ္မာ ဇရပ်ကို ရွှေ့ပြောင်းလာသည့် ငလျင်ဘေးဒုက္ခသည်များအား ဧပြီလ ၆ ရက်က တွေ့ရစဉ်။
Photo: RFA

မန္တလေးမြို့ ကျုံးဘေး ၂၆လမ်းမှာ ယာယီခိုလှုံနေတဲ့ ငလျင်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက အတင်းအကျပ် နေရာရွှေ့ခိုင်းခဲ့တယ်လို့ ဒုက္ခသည်တွေက RFA ကို ဧပြီလ ၆ ရက်မှာ ပြောပါတယ်။

ဧပြီလ ၅ ရက်နေ့ ညနေနောက်ဆုံးထားပြီး ရွှေ့ခိုင်းတာကြောင့် ဒုက္ခသည်တွေဟာ မိုးထဲ၊ လေထဲ ပြောင်းရွေ့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မပြောင်းရွှေ့တဲ့သူကို တာဝန်မယူဘူးဆိုပြီး အသံချဲ့စက်နဲ့ အော်ပြောတဲ့အပြင် လက်နက်ပြ ခြိမ်းခြောက်ပြီး ပြောင်းရွှေ့ခိုင်းခဲ့တာလို့ ဆိုပါတယ်။

မိုးသက်လေပြင်း ကျခဲ့တာကြောင့် မိုးရေထဲ တညလုံးမအိပ်ရဘဲ ဒုက္ခရောက်ခဲ့ရတယ်လို့ သုဓမ္မာဇရပ်ဘေးမှာ နေရာပြောင်းရွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

"ဇရပ်အမိုးအောက်မှာ နေရာရတဲ့သူတွေကတော့ မိုးလုံတာပေါ့၊ ကျွန်မတို့ မိုးရော လေရော မလုံဘူး။ အသက်ကြီးသူတွေလည်းပါတယ်။ ကလေးငယ်လေးတွေလည်းပါတယ်။  မိုးလေတွေကြောင့် ပါလာတဲ့အဝတ်စားတွေ အကုန်ရေစိုလို့ ခုထိမအိပ်ရသေးဘူး၊ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ ဆိုသလို ဖြစ်နေပြီ"

စစ်ကောင်စီက ငလျင်ဘေးဒုက္ခသည်တွေကို မန္တလေးတောင်ခြေက ကုသိုလ်တော်ဘုရားထဲကို ရွှေ့ခိုင်းခဲ့တာဖြစ်ပေမဲ့ ဘာသာခြားတွေက ဗုဒ္ဓဘာသာတွေ အထွဋ်အမြတ်ထားရာ ဘုရားဝန်းထဲမှာ နေဖို့မသင့်တာကြောင့် ကျုံးမြောက်ဘက်က သုဓမ္မာဇရပ်တန်းကို နေခွင့်ပြုဖို့တောင်းဆိုခဲ့တာလို့ အစ္စလာလမ်ဘာသာဝင်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စာရင်းတွေအရ ငလျင်ကြောင့် ဧပြီလ ၅ ရက်နေ့အထိ သေဆုံးသူ ၃၄၅၅ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၄၈၄၀ ဦးနဲ့ ပျောက်ဆုံးသူ ၂၁၄ ဦးရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။