ငလျင်ကြောင့် သေဆုံးသူ ၃၅၀၀ နီးပါးရှိလာ

RFA Burmese
2025.04.05
ငလျင်ကြောင့် သေဆုံးသူ ၃၅၀၀ နီးပါးရှိလာ မန္တလေးမြို့တွင် ငလျင်ကြောင့် သေဆုံးသွားသူတစ်ဦးအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က သယ်ထုတ်လာကြစဉ်။
Myanmar Fire Services Department

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီလ ၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၄၅၅ ဦးအထိ ရှိလာတယ်လို့ ဧပြီလ ၆ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ မြဝတီသတင်းစာမှာ ဖော်ပြပါတယ်။

ထိခိုက်ဒဏ်ရာရာရသူ ၄၈၄၀ ဦးနဲ့ ပျောက်ဆုံးနေသူ ၂၁၄ ဦးရှိတယ်လို့ဆိုပါတယ်။ အသေးစိတ်စာရင်း မရရှိသေးပေမဲ့ အဆောက်အအုံ ၅၂၂၃ လုံး၊ စာသင်ကျောင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနဲ့ သီလရှင် စာသင်တိုက် ၂၇၅၂ ကျောင်း၊ ဘုရား စေတီ ၄၈၁၇ ဆူ၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြ ထားပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)ကလည်း မြန်မာ့ငလျင်ကြောင့် မြို့နယ်ပေါင်း ၆၀ နီးပါးက လူ ၁၇ သန်းခန့် ထိခိုက်ခဲ့ရတယ်လို့ ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ထိခိုက်မှု အပြင်းထန်ဆုံး နေရာဒေသက လူသန်းပေါင်းများစွာဟာ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတာနဲ့ မလုံလောက်တာကို ကြုံနေရတယ်လို့လည်း ထောက်ပြထားပါတယ်။

တယ်လီဖုန်းဆက်သွယ်ရေးစနစ်တွေပြတ်တောက်မှုနဲ့အတူ လမ်း၊ တံတားတွေ ပျက်စီးခဲ့တာကြောင့် ဘေးသင့် ပြည်သူတွေဆီကို အရေးကြီးတဲ့ အကူအညီတွေ ရောက်ရှိနိုင်ဖို့ ပိုမိုခက်ခဲနေတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။