ငလျင်ကယ်ဆယ်ရေး ဥရောပသမဂ္ဂက ယူရို ၁၀ သန်း ထပ်မံထောက်ပံ့

RFA Burmese
2025.04.07
ငလျင်ကယ်ဆယ်ရေး ဥရောပသမဂ္ဂက ယူရို ၁၀ သန်း ထပ်မံထောက်ပံ့ မန္တလေးမြို့၌ ငလျင် ကယ်ဆယ်ရေး ဆောင်ရွက်နေသူများအား ဧပြီလ ၄ရက်က တွေ့ရစဉ်။
Myanmar Rescue

မြန်မာနိုင်ငံက ငလျင် ကူညီကယ်ဆယ်ရေးအတွက် ယူရိုဆယ်သန်း ထပ်ပြီးထောက်ပံ့မယ်လို့ ဥရောပသမဂ္ဂက ဧပြီလ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ပြီး တစ်ရက်အကြာ မတ်လ ၂၉ ရက်က ကူညီကယ်ဆယ်ရေးအတွက် ယူရို ၂ ဒသမ ၅ သန်းထောက်ပံ့မယ်လို့ ကြေညာခဲ့သလို ဧပြီ ၂ ရက်ကလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ ဖက်‌ဒရေးရှင်း(IFRC ) ကတဆင့် ယူရို ၅၀၀,၀၀၀ ကူညီခဲ့ပါတယ်။

ဒါကြောင့် ဥရောပသမဂ္ဂက မြန်မာ့ငလျင်ဘေးအတွက် ယူရို ၁၃ သန်း ထောက်ပံ့ကူညီထားပြီလို့ ဧပြီလ ၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

အရေးပေါ် အမိုးအကာ၊ ဆေးဝါးကုသရေး၊ ရေသန့်နဲ့ မိလ္လာသန့်ရှင်းရေး ဝန်ဆောင်မှုတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

လက်တလော ကူညီထားတဲ့ ရန်ပုံငွေဟာ ၂၀၂၅ ခုနှစ်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီလျာထားချက်ဖြစ်တဲ့ ယူရို ၄၆ သန်းရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့ ငလျင်ကယ်ဆယ်ရေးမှာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ ဘေးကင်းလုံခြုံစွာနဲ့ ကန့်သတ်မှုမရှိ ဝင်ရောက်နိုင်ရေးကို အာမခံချက်ပေးဖို့လည်း ဥရောပသမဂ္ဂက တောင်းဆိုထားပါတယ်။

စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ ငလျင်ကူညီကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဆီက ခွင့်ပြုချက် ကြိုတင်ရယူဖို့နဲ့ ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။