DVB သတင်းထောက် ဦးအောင်စံလင်း အလုပ်ကြမ်းနဲ့ ထောင်ခြောက်နှစ် ချမှတ်ခံရ
DVB သတင်းဌာန သတင်းထောက် ဦးအောင်စံလင်းကို ဇူလိုင်လ ၇ ရက် မနေ့က စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်လို့ DVB သတင်းဌာနရဲ့ သတင်းခန်း အယ်ဒီတာ ကိုဇင်မောင်က RFA ကို ပြောပါတယ်။
အသက် ၄၇ နှစ်အရွယ် ဦးအောင်စံလင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ တို့နဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တာလို့ ကိုဇင်မောင်က ပြောပါတယ်။
“သူ့ကို ထောင်ဒဏ် ခြောက်နှစ် ချလိုက်တာပါ။ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် နှစ်နှစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ - ခ နဲ့ ထောင်ဒဏ် လေးနှစ်ပေါ့။ အလုပ်ကြမ်းလည်းပါတယ်။ သူ့အမှုကို လိုက်ပေးတဲ့ ရှေ့နေတောင်မှ လိုက်နေရင်း တန်းလန်းနဲ့ ပြေးရတော့ ဥပဒေအရ အကာအကွယ် ရတယ်လို့တော့ ပြောလို့ မရဘူး”
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ကိုအောင်စံလင်းရဲ့ ဇာတိဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက် မြို့နယ် ပင်းဇင်ရွာ နေအိမ်မှာရှိနေချိန် ညသန်းခေါင်ယံမှာ စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားခဲ့တာလို့ သူက ဆိုပါတယ်။
လက်ရှိမှာ သူ့ကို ရွှေဘို အကျဉ်းထောင်ကို ပို့ဆောင်ထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သတင်းသမားတွေ ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် သတင်းသမား ပေါင်း ၁၄၀ လောက် အဖမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ သတင်းထောက် ၈၄ ဦးနဲ့ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေး သူ ၅၅ ဦး ရှိနေပါတယ်။
စစ်တပ်က အာဏာသိမ်းစမှာ သတင်းသမားတွေကို နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅ (က) နဲ့ အရေးယူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ-၁၂၄ အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ပြောင်းလဲ အရေးယူလာတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အညွှန်းကိန်းက နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာက အဆင့် ၁၄၀ မှာ ရှိနေပါတယ်။
ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၂ ကမ္ဘာတစ်ဝန်း ဆန္ဒထုတ်ဖော်ခွင့် အစီရင်ခံစာ (Global Expression Report) အရ လွတ်လပ်စွာ ဆွေးနွေးပြောဆိုခွင့်၊ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှု၊ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ပြောဆိုလို့ ဖမ်းဆီးတာတွေ အပါအဝင် အချက် ခုနစ်ချက်ကြောင့် မြန်မာနိုင်ငံဟာ အခုအခါမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်ညွှန်းကိန်း ၅ နဲ့ အောက်ဆုံးအဆင့်ကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးကြောင့် သတ်ဖြတ်မှု၊ စာနယ်ဇင်းသမားတွေကို အနှောင့်အယှက်ပြုမှု၊ လွတ်လပ်စွာ စုဝေးခွင့်၊ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေအပေါ် ဖိနှိပ်မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာလည်း ညွှန်းကိန်းတွေအရ ကမ္ဘာပေါ်မှာ တစ်ရှိန်ထိုး ဆုတ်ယုတ်ကျဆင်းမှုအများဆုံးနိုင်ငံ ဖြစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။