DVB သတင်းထောက် ကိုအောင်စံလင်း အဖမ်းခံရ

ဒီမိုကရက်တစ်မြန်မာအသံ (DVB) အတွက် Citizen Journalist – CJ သတင်းထောက်တစ်ဦးအဖြစ် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကနေ သတင်းတွေပေးပို့နေတဲ့ ကိုအောင်စံလင်း ဟာ ဒီဇင်ဘာ ၁၁ ရက်ညက အဖမ်းခံလိုက်ရကြောင်း DVB သတင်းဌာနက ဒီကနေ့ ၁၃ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့အင်အား ၂၀ လောက်နဲ့ ဝက်လက်မြို့နယ် ပင်းဇင်းကျေးရွာ နေအိမ်ကနေ ကိုအောင်စံလင်း ကို ရိုက်နှက်ပြီး လာဖမ်းသွားတာလို့ မိသားစုဝင်တစ်ဦးကို ကိုးကားပြီး DVB က သတင်းထုတ်ပြန်ထားပါတယ်။
DVB သတင်းဌာန အမှုဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် က အဖမ်းခံရတာ မှန်ကန်ပြီး နောက်ဆက်တွဲ အခြေအနေကို အတိအကျ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
“နောက်ဆုံးအခြေအနေတော့ အခုထက်ထိတော့ ကျနော်တို့ ဘာသတင်းမှ မကြားသေးဘူး။ သူ့ကို ရွှေဘို တပ်စခန်းထဲ ခေါ်သွားတယ်လို့တော့ ကြားတယ်၊ ကျနော်တို့ကြားတာတော့ ဝက်လက်က သူ့ရွာမှာတော့ မရှိတော့ဘူးလို့ ကြားတယ်”
ကိုအောင်စံလင်း ကို အဖမ်းခံရတဲ့ ဒီဇင်ဘာ ၁၁ ရက်ညမှာ ဝက်လက်မြို့နယ် ရဲစခန်းမှာထားပြီးနောက် ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီလောက်မှာတော့ ရွှေဘိုမြို့ စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး အဲဒီအချိန် ကတည်းက တွေ့ခွင့်မရသေးတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဦးအေးချမ်းနိုင်က ဆိုပါတယ်။
ကိုအောင်စံလင်းဟာ DVB ရဲ့ နယ်ခံ CJ သတင်းထောက်အဖြစ် လုပ်ကိုင်လာတာ လေးနှစ်ကျော်ပြီဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးမှုတွေရှိနေတဲ့ကြားက သတင်းတွေ ရေးသားပေးပို့နေတာလို့လည်း DVB က သတင်းထုတ်ပြန်ထားပါတယ်။
ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာမှာ ဒီဇင်ဘာ ၁၀ ရက် မနက်က NLD ပါတီ ထောက်ခံသူ သုံးဦးရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းမီးရှို့ခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး ဖမ်းဆီးသွားတာ ဖြစ်နိုင်ကြောင်းနဲ့ ဖမ်းဆီးစဉ်က ကိုအောင်ဆန်းလင်းရဲ့ဖုန်းကို ဖွင့်စစ်ဆေးပြီး ရိုက်နှက်ခေါ်ဆောင်သွားတာလို့ DVB က ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း DVB သတင်းထောက် ကိုအောင်ကျော်၊ ကိုမင်းညိုနဲ့ ကိုသက်နိုင်ဝင်း တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် သုံးနှစ်နဲ့ နှစ်နှစ်စီ အသီးသီး ချမှတ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ သူတို့အားလုံး လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား အယောက် ၁၁၀ အထိ ဖမ်းဆီးခံခဲ့ရပြီး၊ ဇွန်လနဲ့ အောက်တိုဘာလတွေမှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ တချို့ ပြန်လွတ်လာကြ ပေမယ့် အခုအချိန်အထိ သတင်းသမား ၄၀ နီးပါး အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။