မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချ သူတွေကို အရေးယူနိုင်ဖို့ အရေး ကြီး
2016.07.31

မူးယစ်ဆေးသုံးစွဲသူတွေထက် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူတွေကို တိုက်ဖျက်ဖို့ လိုအပ်ကြောင်း ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်း က ပြောပါတယ်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းခွဲ MANA က မြစ်ကြီးနားမြို့ ပမ္ပတီးရပ်ကွက် အုဋ်စိုးစံကျော် ဘုရားဓမ္မာရုံမှာ ဒီကနေ့ ကျင်းပတဲ့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲမှာ ပြည်နယ်ဝန်ကြီး ဦးနေဝင်းက ပြောတာဖြစ်ပါတယ်။
"ကျနော်တို့တွေ မူးယစ်ဆေးဝါးတွေ ဘာကြောင့်ဖြစ်နေလဲ၊ ဘယ်လိုနေရာကနေ ပြန့်ပွားနေသလဲ၊ အဓိက အရင်းအမြစ်တွေကိုတော့ ကျနော်တို့ ရှာဖွေဖော်ထုတ်ဖို့ လိုအပ်နေပါပြီ၊ မူးယစ်ဆးဝါးသုံးစွဲသူတွေနဲ့ မူးယစ်ဆေးဝါးစိုက်ပျိုးသူတွေနဲ့၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ကျနော်တို့အနေနဲ့ ပြတ်ပြတ် သားသား ပြည်သူတွေနဲ့အတူ လူသားအားလုံးကို အန္တရာယ်ပေးနေသော မူယစ်ဆေးဝါးအန္တရာယ်ကို ဒီနေ့ကစပြီး ပူးပေါင်းပါဝင်တိုက်ဖျက်ကြရမယ်"
မူးယစ်ဆေးဝါး သုံးစွဲသူတွေရှိလို့ စိုက်ပျိုးရောင်းချသူတွေရှိနေသလို ထုတ်လုပ်ရောင်းချသူတွေရှိလို့ သုံးစွဲသူတွေ ရှိနေတာဆိုပြီး ပြောဆိုမှုတွေရှိနေတာကြောင့် သုံးစွဲသူတွေကိုရော စိုက်ပျိုး ရောင်းချသူတွေကိုပါ ပြည်သူနဲ့ ပူးပေါင်းပြီး နှိမ်နှင်းရမှာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးကလည်း ပြောပါတယ်။
လက်ရှိအချိန်မှာ မူးယစ်ဆေးဝါးကို စိုက်ပျိုးနေတာတွေရှိသလို ခေတ်မီပစ္စည်းတွေနဲ့ လွယ်ကူစွာ ဖော်စပ်ထုတ် လုပ်နေကြတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သုံးစွဲသူ နဲ့ ဖြန့်ဖြူးရောင်းချသူတွေကို ဖမ်းဆီးရမိတဲ့ အမှုပေါင်း ၁၆၀၀ ကျော်ရှိသလို ဖမ်းခံရသူ အမျိုးသား၊ အမျိုးသမီး ပေါင်း ၁၂၀၀ ကျော် ကို အရေးယူခဲ့တယ် လို့လည်း ပြောပါတယ်။
ဒီကနေ့ ဟောပြောပွဲကို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးနှစ်ဦး နဲ့ မြစ်ကြီးနားမြို့ ပမ္ပတီးရပ်ကွက်က မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းဝင်တွေ နဲ့ ကျောင်းသား လူငယ်တွေ၊ ရှမ်း၊ ဗမာ၊ ဂျိန်းဖော၊ လီဆူ စတဲ့ ဒေသခံ နှစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။