မူးယစ်တရားခံကို မြန်မာဘက် လွှဲအပ်
2013.06.22
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မူးယစ်ဆေးဝါး မှောင်ခိုသမားအဖြစ် သံသယရှိပြီး ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံက အသက် ၄၆ နှစ်အရွယ် ရွှေနု ဆိုသူကို ပြီးခဲ့တဲ့သောကြာနေ့က မြန်မာနိုင်ငံကို လွှဲပြောင်းပေးလိုက်တယ်လို့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက မနေ့က ဖော်ပြလိုက်ပါတယ်။
ဒီလိုလွှဲပြောင်းပေးတာမျိုးကို အရင်က လုပ်လေ့လုပ်ထမရှိပေမယ့် အခုတခေါက်မှာတော့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြတဲ့အနေနဲ့ ဆောင်ရွက်လိုက်တာလို့ဆိုပါတယ်။
ရွှေနုကို သူ့ရဲ့ရှမ်းပြည်နယ်က နေအိမ်မှာ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁ သိန်း ၇ သောင်းကျော် ရှာဖွေတွေ့ရှိထားတဲ့အတွက် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ကအလိုရှိပြီး ဝရမ်းထုတ်ထားသူဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် သူဟာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကြားမှာ မက်သာဖက်တမင်း စိတ်ကြွဆေးပြား အကြီးအကျယ်ဖြန့်ချီနေသူလို့သံသယရှိထားတဲ့အကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ရဲ့ အကြီးအကဲ ရဲချုပ် ဖွန်ဆာဖတ်ဖုန်ချရွန်က ပြောပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ရွှေနုကို အရေးယူဖို့ရှိပေမယ့် မြန်မာနိုင်ငံ ဥပဒေအရအရေးယူဖို့ အရင်ဆုံးလွှဲပြောင်းပေးလိုက်တာဖြစ်တဲ့အကြောင်း၊ တကယ်လို့ သူဟာ မြန်မာနိုင်ငံ ဥပဒေအရ ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံရမယ်ဆိုရင်တောင်၊ ထိုင်းဥပဒေအရလဲ ထပ်မံအရေးယူခံရမှာဖြစ်တဲ့အကြောင်း၊ တကယ်လို့ မြန်မာနိုင်ငံက သူ့ကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံကတော့ သူ့အမှုကို စဉ်းစားမှာမဟုတ်တော့တဲ့အကြောင်း ရဲချုပ်ကပြောပါတယ်။