ဒရုန်းတွေထိန်းချုပ်ဖို့ တရုတ်ကို စစ်ကောင်စီအကူအညီတောင်း

RFA Burmese
2023.09.25
ဒရုန်းတွေထိန်းချုပ်ဖို့ တရုတ်ကို စစ်ကောင်စီအကူအညီတောင်း တိုင်းရင်းသားတပ်ဖွဲ့၊ PDF တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပြီး စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Federal Wings/Facebook

မောင်းသူမဲ့ယာဉ် ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေတိုးလာနေပြီး ဒါဟာအနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေတယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီးလည်းဖြစ်၊ ရဲချုပ်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က တရုတ်နိုင်ငံမှာကျင်းပတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံမှာ ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လက်နက်ကိုင်ခုခံတော်လှန်နေကြတဲ့ တော်လှန်ရေးသမားတွေဘက်မှာ ဒရုန်းနည်းပညာအသုံးပြုမှု အားသာလာနေတယ်လို့ လေ့လာသူတွေက ထောက်ပြနေချိန်မှာပဲ စစ်ကောင်စီဘက်က အခုလိုပြောလာတာဖြစ်ပါတယ်။

လက်နက်ကိုင်ခုခံတော်လှန်နေသူတွေကို အကြမ်းဖက်သမားတွေလို့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ခေါ်ဝေါ်သုံးစွဲခဲ့ပြီး၊ အကြမ်းဖက်သမားတွေဆီ ဒရုန်းတွေမရောက်အောင် ထိန်းချုပ်ဖို့ ဒေသတွင်းဖြစ်စေ၊ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံဖြစ်စေ မဖြစ်မနေ ပူးပေါင်းဆောင်ရွက်သွားဖို့လိုနေပြီလို့ ဒီကနေ့ ထုတ်ပြန်တဲ့ စစ်ကောင်စီသတင်းထဲမှာ ဖော်ပြပါရှိပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကတော့ ဒီနှစ်ထဲမှာ NUG လက်ထဲ ဒရုန်းအရေအတွက် ပိုများလာနေပြီး နိုင်ငံအနှံ့မှာ ဒရုန်းအစင်းရေပေါင်း ၄၀၀ ကျော် ဖြန့်ထားတယ်လို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းရန်ကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်တဲ့အခြေအနေတောင် ရောက်နေပြီလို့ ဒရုန်းတပ်ဖွဲ့ဝင်တွေကလည်း ပြောပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ညီလာခံကို စစ်ကောင်စီဝန်ကြီးတချို့ တက်ရောက်ခဲ့ပြီး၊ တရုတ်အစိုးရလုပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ကို ထောက်ခံကြောင်း၊ ပြည်တွင်းရေးကိစ္စရပ်တွေမှာ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကိုလည်း ထောက်ခံကြောင်း ပြောဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။