ဖာပွန်မှာ ဒရုန်းဗုံးကြောင့် အရပ်သားနှစ်ဦး သေဆုံး

RFA Burmese
2024.03.27
ဖာပွန်မှာ ဒရုန်းဗုံးကြောင့် အရပ်သားနှစ်ဦး သေဆုံး ကရင်ပြည်နယ်က၊ ဖာပွန်မြို့တွင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Facebook/ KNU-Mutraw News

ကရင်ပြည်နယ်က၊ ဖာပွန်မြို့၊ အမှတ် (၁) ရပ်ကွက်ထဲကို မတ်လ ၂၄ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၄ နှစ်အရွယ် မချိုအေးနဲ့ အသက် ၅၀ အရွယ် စောမြခြယ်တို့ နှစ်ဦး သေဆုံးခဲ့တာပါ။ နောက်ထပ် အသက် ၃၀ အရွယ် မအေးအေးဖြူနဲ့ သက်တော် ၄၀ အရွယ် သံဃာတစ်ပါးတို့ ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူနှစ်ဦးက မိသားစုဝင်တွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သေတဲ့သူက မြေးအဘိုးတော်စပ်တယ်။ သူတို့အိမ်ခေါင်မိုးတည့်တည့်ကို ကျတာ၊ အမိုးလည်း ပွင့်ထွက်သွားတယ်။ သူတို့နှစ်ယောက်လည်း ဦးခေါင်းပွင့်ထွက်ပြီး နေရာမှာတင် သေဆုံးသွားတယ်"

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ဆယ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို စစ်ကောင်စီတပ်က ကျူးလွန်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ကရင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖာပွန်မြို့ပေါ်က လူဦးရေ လေးရာနီးပါး အိုးအိမ်စွန့်ခွာနေရတယ်လို့ မတ်လ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။