ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာ ဇော်မြင့်မောင် ကိုယ်တိုင် သက်သေမထွက်နိုင်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ - ၂၅ နဲ့ စွဲထားတဲ့အမှုအတွက် နိုဝင်ဘာ ၂၃ ရက် ဒီနေ့မှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဟာ ကျန်းမာရေးကြောင့် လူကိုယ်တိုင် လာရောက်ထွက်ဆိုနိုင်ခြင်း မရှိဘူးလို့ ရှေ့နေတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း က စုံစမ်းသိရပါတယ်။
နေပြည်တော် အထူးတရားရုံးက သက်သေလာရောက်ထွက်ဆိုဖို့ ဆင့်ခေါ်စာကို ဒေါက်တာ ဇော်မြင့်မောင်က လက်ခံရှိပေမယ့် ရောဂါကြောင့် ခရီးသွားခွင့် မပြုသင့်ကြောင်း ကျန်းမာရေးအရာရှိရဲ့ ဆေးလက်မှတ်ကို တရားသူကြီးက ပြသခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၀ သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည် ဇမ္ဗုသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ကို လာခဲ့စဉ် လူစုလူဝေး ဖြစ်ခဲ့လို့ ကိုဗစ်စည်းကမ်းနဲ့ မညီဘူးဆိုပြီး စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
ဒီနေ့ ရုံးချိန်းမှာ အစိုးရရှေ့နေဘက်က ဒေါက်တာ ဇော်မြင့်မောင်ကို ဗီဒီယိုကွန်ဖရန်းဇင်းစနစ်နဲ့ သက်သေ ထွက်ပေးဖို့အကြံပြုခဲ့ပြီး စွပ်စွဲခံရသူတွေရဲ့ရှေ့နေတွေက လာမယ့်ရုံးချိန်းမှာ အကြောင်းပြန်မယ်လို့ ဆိုထားပါတယ်။
နိုဝင်ဘာလ ၃၀ ရက် လာမယ့်အင်္ဂါနေ့မှာ သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ မျိုးအောင် တို့ကို စွဲထားတဲ့ ပုဒ်မ - ၅၀၅ (ခ)၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ သဘာဝ ဘေးအမှု စတဲ့ အမှုသုံးမှုတို့ကို အပြီးသတ်အမိန့်ချဖို့ရှိတယ်လို့ ရှေ့နေတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။