ဒေါက်တာ အမ်ကောန်လ ထောင်ဒဏ် နှစ်နှစ် အမိန့်ချခံရ

2022.03.23
ဒေါက်တာ အမ်ကောန်လ ထောင်ဒဏ် နှစ်နှစ် အမိန့်ချခံရ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကို တွေ့ရစဉ်
Photo: CJ

စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လဟာ မတ်လ ၂၃ ရက် ဒီနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးကနေ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-(က) နဲ့ ထောင်ဒဏ် နှစ်နှစ် အမိန့်ချခံလိုက်ရပါတယ်။

ဒေါက်တာ အမ်ကောန်လအတွက် အယူခံဆက်တင်ဖို့ မလုပ်တော့ဘူးလို့ KNC ပါတီရဲ့ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီညနေပိုင်းမှာပဲ ၅၀၅-(က) နဲ့ နှစ်နှစ် ချလိုက်တယ်။ ကျနော်တို့ အယူခံတွေ၊ အသနားခံစာတွေတော့ မတင်တော့ဘူး။ ကျနော်တို့ ဥက္ကဋ္ဌလည်း လက်မခံဘူး။ ကျနော်တို့ကလည်း ကွင်းလုံးကျွတ် လွှတ်မှပဲ လက်ခံမယ်ဆိုတဲ့အတွက် ဘာမှတော့ ဆက်မလုပ်တော့ဘူး”

ဒေါက်တာ အမ်ကောန်လဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီတချို့နဲ့ တစ်သီးပုဂ္ဂလ ပြည်သူတွေ ပါဝင်တဲ့ ကချင်ပြည်သူ့နိုင်ငံရေး ရှေ့ဆောင်အဖွဲ့ (KPPF) ကို ဦးဆောင်ဖွဲ့စည်းခဲ့ရာကနေ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၅ ရက်က နေပြည်တော်က သူ့ သွားဆေးခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ပုဒ်မ ၅၀၅-(က) နဲ့ အမှုရင်ဆိုင်ခဲ့ရတာပါ။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ဖိတ်ကြားချက်ကို KNC ပါတီက တက်ရောက်ဖို့ ငြင်းဆိုခဲ့ပြီး အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေး အတွက် ပါတီက ရည်ရွယ်ထားတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒေါက်တာ အမ်ကောန်လဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မိုးမောက်မြို့နယ် က အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခြင်းတော့ မရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။