ဒေါက်တာခလမ်ဆမ်ဆွန် ထောင်ခြောက်နှစ် ချမှတ်ခံရ
2023.04.07

မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)ရဲ့ အကြံပေး ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဧပြီလ ၇ ရက် ဒီနေ့ မြစ်ကြီးနား ထောင်တွင်းတရားရုံးကနေ အမှုသုံးမှုနဲ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံလိုက်ရတယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ ရှေ့နေက RFA ကို ပြောပါတယ်။
မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ - ၁၇ (၁) အတွက် ထောင်နှစ်နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) အတွက် ထောင် တစ်နှစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပေဒ ပုဒ်မ - ၅၂ (က) အတွက် ထောင် သုံးနှစ်၊ သီးခြားစီ စုစုပေါင်း ခြောက်နှစ်ချမှတ်ခံခဲရတာပါ။
ဒီအမိန့်နဲ့ပတ်သက်လို့ အထက်တရားရုံးတွေကို အယူခံဝင်သွားမယ်လို့ ဒေါက်တာ ခလမ်ဆမ်ဆွန်ရဲ့ ရှေ့နေ ဒေါ်ဒေါင်နန်းက RFA ကို ပြောပါတယ်။
“အယူခံဝင်ဖို့ ရှိပါတယ်။ လျှောက်လဲချက်လည်း ကျမတို့ ပေးပြီးသားပဲ။ ပြီးဆုံးတဲ့အထိ အယူခံတက်ရမှာပဲ။ လုပ်နိုင်သမျှ အကုန်လုပ်မှာပါ”
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ မွေးရာပါအဆုတ်ရောင်ရောဂါ ခံစားနေရသူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ထိုင်းနိုင်ငံကို ဆေးကုသမှုခံဖို့အသွား မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူး သူအောင်ဇော်က တရားလိုပြုလုပ်ပြီး အမှုသုံးမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ အပြစ်မရှိဘဲ ထောင်ဒဏ် ချမှတ်ခံရတာလို့ ဇနီးဖြစ်သူ ဆရာမဇုန်းညှော်က RFA ကို ပြောပါတယ်။
“အပြစ်မရှိပေမယ့်လည်း အမိန့်က ချပြီးပြီပေါ့။ ဘုရားအလိုတော်အတိုင်းပဲလို့ ကျမတို့က အဲလိုပဲ ခံယူပါတယ်”
အသက် ၆၅ နှစ်အရွယ် ဒေါက်တာခလမ်ဆမ်ဆွန်ဟာ KBC ရဲ့ အတွင်းရေးမှူးတာဝန်နဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သလို အဖမ်းမခံရခင်အထိ KBC ရဲ့ အကြံပေးအဖြစ်လည်း ဆက်လက်လုပ်ကိုင်နေတာပါ။ ဒါ့အပြင် ဒေါက်တာခလမ်ဆမ်ဆွန်ဟာ လူသားချင်းစာနာ ထောက်ထားရေးလုပ်ငန်းနဲ့ ကချင်စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။