KBC ဥက္ကဋ္ဌကိုအရေးယူပေးဖို့ လျှောက်ထားချက် တပ်မတော်ရုပ်သိမ်း
2019.09.09

မြန်မာပြည်က ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တေ့ွဆုံစဉ်မှာ ပြောကြားခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အရေးယူပေးဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်က မြစ်ကြီးနားမြို့နယ် တရားရုံးထံ ဦးတိုက်လျှောက်ထားချက်ကို ဒီနေ့ ရုပ်သိမ်းလိုက်တဲ့အတွက် တရားရုံးက အမှုကို ပိတ်လိုက်ပါတယ်။
အမှုပိတ်သိမ်းလိုက်တဲ့အကြောင်း တရားရုံးက သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အမှုကို ရုပ်သိမ်းပေးလိုက်တာဟာ ဖိအားတစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ တရားလိုဖြစ်သူရဲ့ သဘောထားအရသာဖြစ် တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကတော့ ဒီကိစ္စကို ပြည်ထောင်စုအစိုးရကတဆင့် သူကြားသိထားပေမယ့် အမှုရုပ် သိမ်းကြောင်းစာ သူ့ဆီရောက်မလာသေးကြောင်း RFA ကို ပြောပါတယ်။
အခုလိုအမှုရုပ်သိမ်းလိုက်တာဟာ ကချင်ဒေသခံတွေရဲ့သဘောထားနဲ့ နိုင်ငံတကာရဲ့ တိုက်တွန်းချက်တွေအပေါ်မှာ တပ်မတော်က စဉ်းစားဆုံးဖြတ်လိုက်တယ်လို့ ယူဆကြောင်းနဲ့ ဒါဟာ အပြုသဘောဆောင်တဲ့ လုပ်ဆောင် ချက်ဖြစ်ကြောင်း ဒေါက်တာခလမ်ဆမ်ဆွန် က ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း ဘာသာရေးလွတ်လပ်ခွင့် မရှိတဲ့အကြောင်း၊ လူနည်းစုတိုင်းရင်းသားတွေ အကြောင်းကို ဒေါက်တာခလမ်ဆမ်ဆွန်က သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တဲ့အပေါ် အရေးယူပေးဖို့ဆိုပြီး သြဂုတ်လ ၂၈ ရက်နေ့က တပ်မတော်က လျှောက်ထားခဲ့တာပါ။
ဒေါက်တာ ခလမ်ဆမ်ဆွန် မြစ်ကြီးနားမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့အတွက် များစွာစိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၅ ရက်နေ့က ကြေညာချက်ထုတ်ပြီးနောက် ဒီနေ့ ရုံးချိန်းမှာ တရားလိုဘက်က အမှုကိုကျေအေးကြောင်း တရားရုံးထံ တင်ခဲ့တာဖြစ်ပါတယ်။
(RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့သည်)