ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုပုဒ်မ ၅၂ (က) နဲ့ ထပ်တိုးစွဲချက်တင်
2023.03.15
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတ်လ ၁၄ ရက်မှာ မြစ်ကြီးနား ထောင်တွင်းတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထပ်တိုးစွဲချက်တင်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
NUG တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားဆိုထားတဲ့ အကြမ်းဖက်မှု ပုဒ်မ ၅၂ (က) ကို မတ်လ ၁၄ ရက်နေ့ ရုံးချိန်းမှာ စွဲချက်တင်လိုက်တာလို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ ရှေ့နေ ဒေါ်ဒေါင်နန်းက ပြောပါတယ်။
"တရားခံပြသက်သေနှစ်ယောက်ကို စစ်တယ်။ အဲဒီသက်သေထဲမှာ ဆရာ့အမျိုးသမီး လည်း ပါတော့ သူတို့တွေ့ခွင့် ရခဲ့တယ်ပေါ့။ ပြီးတော့ ၅၂ (က) ကို ထပ်တိုးစွဲချက် တင်လိုက်တယ်။ လာမယ့် ရုံးချိန်းက တော့ မတ်လ ၂၁ ရက်နေ့ ထပ်ချိန်းထားတာပါ"
ဒေါက်တာခလမ်ဆမ်ဆွန်ကို စွဲဆိုထားတဲ့ အမှုသုံးခုထဲက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ-၁၇ (၁)တို့ကိုလည်း ဖေဖော်ဝါရီလ ၂၈ ရက်က စွဲချက်တင်ခဲ့ ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ထောင်ထဲမှာ ကျန်းမာရေးထိခိုက်မှုတွေရှိနေတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
"ရက်ပေါင်း ၁၀၀ ပြည့်တဲ့နေ့မှာပဲ ပြန်တွေ့ရတာပေါ့။ နည်းနည်းပိန်သွားတယ်။ မျက်နှာလည်း ကျနေတယ်။ ချောင်းကတော့ တော်တော်ဆိုးနေတယ်။ သူ့ကျန်းမာရေး ကို ပြောရရင် ချောင်းဆိုးတာက ပြဿနာ တော်တော်ရှိနေတာပေါ့"
မွေးရာပါအဆုတ်ရောင်ရောဂါရှိတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ရာသီဥတု အပြောင်းအလဲ ဖြစ်တဲ့အချိန်တိုင်း ကျန်းမာရေးပြဿနာကို အမြဲရင်ဆိုင်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာပါ။