ဒေါက်တာခလမ်ဆမ်ဆွန် အမှုနှစ်ခုနဲ့ စွဲချက်တင်ခံရ
2023.03.01

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ပုဒ်မတွေနဲ့ စွပ်စွဲထားတဲ့ အမှုနှစ်ခုအတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရုံးချိန်းမှာ စွဲချက်တင်ခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မြစ်ကြီးနားထောင်တွင်း တရားရုံးရဲ့ ငါးကြိမ်မြောက် ရုံးချိန်းမှာ စွဲချက်တင်ခဲ့တာလို့လည်း ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်ဒေါင်နန်းက ပြောပါတယ်။
"စွဲချက်တင်လိုက်တာ ဟုတ်ပါတယ်။ လာမယ့် ၇ ရက်နေ့မှာ စွဲချက်တင်လိုက်တဲ့ အမှုနှစ်ခုအတွက် စစစ်ဆေးမှာပါ"
မနေ့ကရုံးချိန်းမှာပဲ နောက်ထပ် စွပ်စွဲထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ဥပဒေပုဒ်မ ၅၂ (က) အမှုအတွက် အမှုစစ် အရာရှိကို စစ်ဆေးခဲ့ပါတယ်။ အဲဒီအမှုကိုတော့ စွဲချက် တင်သင့်၊ မတင်သင့် မတ်လ ၇ ရက်နေ့ရုံးချိန်းမှာ နှစ်ဖက်လုံးက လျှောက်လဲချက်ပေးဖို့ရှိနေတယ်လို့ ဆိုပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က ထိုင်းနိုင်ငံကို ဆေးကုသဖို့ သွားတဲ့အချိန် မန္တလေးလေဆိပ်မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာပါ။
ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးနဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေး ကြိုးပမ်းနေသူတစ်ဦးဖြစ်ပြီး မွေးရာပါအဆုတ် အားနည်းသူဖြစ်တာကြောင့် ထောင်တွင်းမှာ ဆေးကုသမှု ခံနေရပါတယ်။