ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး နေပြည်တော်ခေါ်ဖို့ စီစဉ်နေ

RFA Burmese
2024.04.30
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး နေပြည်တော်ခေါ်ဖို့ စီစဉ်နေ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
KBC

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် နေပြည်တော်ကို ခေါ်ယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့ မြစ်ကြီးနားအကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ဧပြီလ ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် အဲဒီနေ့ညပိုင်းမှာပဲ ပြန်လည်ဖမ်းဆီးခံခဲ့ရတာပါ။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဒီရက်ပိုင်းမှာပဲ နေပြည်တော်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ အမည်မဖော်လိုတဲ့ မြစ်ကြီးနားအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီရက်ပိုင်းပဲ သွားရဖို့ရှိတယ်။ ဆရာ့ကို ဧည့်ရိပ်သာမှာ ကောင်းကောင်းမွန်မွန် ထားထားပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နေပြည်တော်ကို သွားရမယ်ဆိုတာ ဆရာလည်း သိပါတယ်"

ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်ဖမ်းဆီးခံရတာ ၁၄ ရက်ကျော် ရှိလာပေမယ့် လတ်တလော လုံခြုံရေး အခြေအနေအရ မိသားစုတွေနဲ့ ဆက်သွယ်ခွင့်မပေးထားဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါက်တ ခလမ်ဆန်ဆွမ်ကို ပြန်ဖမ်းဆီးတာမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ပြောဆိုဆွေးနွေးဖို့ ခေါ်ထားတာလို့ BBC သတင်းဌာနကို ဧပြီလ ၁၉ ရက်နေ့မှာ ဖြေထား ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် မတရားအသင် ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) အမှုသုံးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ပါတယ်။

ဧပြီလ ၂၀ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ မော်ဖောင်းရွာကနေ ဘာသာရေးဆရာသုံးဦးနဲ့ အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် ဧပြီလ ၂၂ ရက်နေ့မှာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။