KBC အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာ
2024.04.17
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခလမ်ဆမ်ဆွန် ဧပြီ ၁၇ ရက် ဒီနေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီလို့ သူရဲ့ ရှေ့နေ ဒေါ်ဒေါင်နန်းက RFA ကို ပြောပါတယ်။
“လွှတ်ပေးလိုက်တာ ဟုတ်ပါတယ်။ ဒီနေ့ ၁ နာရီလောက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပြန်လွှတ်ပေးလိုက်တာပါ”
မွေးရာပါ အဆုတ်အားနည်းတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ထောင်ထဲမှာ တစ်နှစ်ကျော် ချုပ်နှောင်ခံရပြီး နောက် ပြန်လွတ်လာချိန်မှာ နဂိုထက် ရုပ်ပိုင်းဆိုင်ရာ အားနည်းနေတာကို တွေ့ရတယ်လို့ သူ့ရဲမိတ်ဆွေတွေက ပြောပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇(၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) အမှုသုံးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် စစ်ကောင်စီက အကျဉ်းသား သုံးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက် ဘယ်လောက်ပါဝင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။