ဒေါက်တာအေးမောင် နဲ့ ကိုဝေဟင်အောင် ကို ရသေ့တောင်မှာ ရုံးထုတ်


2018.01.29
yathittaung-court-622.jpg ရသေ့တောင်မြို့နယ် တရားရုံးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: Sarar Kyi's facebook

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ကို စစ်တွေ အကျဉ်းထောင်ကနေ ရသေ့တောင်မြို့နယ် တရားရုံးကို ဒီနေ့ ခေါ်ဆောင်လာရာမှာ ပင်လယ်ဘက်ကနေ စက်လှေငယ်နဲ့ ခေါ်ဆောင်လာခဲ့တဲ့အတွက် အသက်အန္တရာယ် မလုံခြုံတဲ့ အနေအထားရှိခဲ့တယ်လို့ စာရေးဆရာ ကိုဝေဟင်အောင်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန် က ဒီနေ့ ပြောပါတယ်။

တရားခွင်မှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့က အပြန်ခရီးကို လုံခြုံစိတ်ချရတဲ့ မော်တော် စီစဉ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တာဝန်ရှိသူတွေဘက်က အကြောင်းပြန်ကြားတာ မတွေ့ခဲ့ရဘူးလို့ ရှေ့နေ ဒေါ်အေးနုစိန် ကပြောပါတယ်။

"ရာသီဥတုကလည်း ဆိုးတယ် လှိုင်းကြီးတယ်ပေါ့နော်။ အဲတော့ အပြန်မှာ လုံခြုံတဲ့ မော်တော်အကြီးကြီး တစ်ခု စီစဉ်ပေးဖို့ ဆိုတာကိုတော့ နှစ်ယောက်စလုံးက တင်ပြကြပါတယ်။ စက်လှေ မှောက်သွားနိုင်တယ်ပေါ့။ တရားသူကြီးကိုပါ အဲဒီလုံခြုံရေးတာဝန်ယူထားတဲ့ အကြီးအကဲတွေကိုပါ ပြောတာပေါ့လေ။ တရားခွင်ထဲမှာ ပြောတာပါပဲ။ အကြောင်းပြန်တဲ့ စကားတော့ ကျမ မကြားလိုက်ရပါဘူး"

ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ကို ဒီနေ့ ပထမဆုံး ရုံးထုတ်ရာမှာ မိသားစုဝင်တွေ၊ သတင်းမီဒီယာတွေနဲ့ တွေ့ခွင့်မပေးခဲ့ဘဲ သူတို့ကို ခေါ်ဆောင်လာတဲ့ စက်လှေငယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၈ ဦးနဲ့ ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ နီးပါးနဲ့ လုံခြုံရေး တင်းကြပ်ထားကြောင်း ပြောပါတယ်။

ရသေ့တောင် မြို့နယ် တရားရုံးမှာ သူတို့နှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ မတရား အသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) တို့နဲ့ တရားစွဲတင်ခဲ့ပါတယ်။

ဒေါက်တာအေးမောင် တို့နဲ့အတူ ဦးဘသန်း ဆိုသူကိုလည်း ပုဒ်မ ၂ ခုနဲ့ တရားစွဲထားပြီး သူကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးထုတ်သွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။