မြန်မာအိမ်ဖေါ် လခသတ်မှတ်


2014.03.24
hong-kong-domestic-workers-305.jpg နှိပ်စက်ညှင်းပန်းခံရတဲ့ အင်ဒိုနီးရှား အိမ်ဖေါ်အရေး ဟောင်ကောင်မှာ ဆန္ဒပြနေကြစဉ်
photo: Internet

စင်္ကာပူ၊ ဟောင်ကောင်စတဲ့ နိုင်ငံရပ်ခြား ကို မြန်မာအိမ်ဖေါ်တွေ တရားဝင်တင်ပို့ရာမှာ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဥပဒေတွေကို အစိုးရက ရေးဆွဲပြဌာန်းကြောင်း သိရပါတယ်။ အဲဒီဥပဒေတွေထဲမှာ မြန်မာအိမ်ဖေါ်တွေဟာ လစဉ် အနည်းဆုံးလုပ်ခ အမေရိကန်ဒေါ်လာ ၄၅ဝ ရရမယ်၊ တစ်လကို အနည်းဆုံးတစ်ရက် အနားပေးရမယ် စတဲ့ ပြဌာန်းချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီအတွင်း ဟောင်ကောင်အစိုးရဟာ အဓမ္မခိုင်းစေမှုနဲ့ ဆက်စပ်နေတဲ့ လူမှောင်ခိုလုပ်ငန်းကို ထိထိရောက်ရောက်တားဆီးဖို့ ပျက်ကွက်နေတယ် ဆိုတဲ့ အစီရင်ခံစာတစ်စောင် ထွက်လာခဲ့ပါတယ်။

ဟောင်ကောင်မှာ လက်ရှိအနေနဲ့ ပြည့်တန်ဆာ လုပ်ငန်းအတွက် လူမှောင်ခိုတာကိုသာ တားဆီးထားပြီး၊ ခေတ်သစ်ကျေးကျွန်လို့ ခေါ်ကြတဲ့ အဓမ္မခိုင်းစေမှုနဲ့ ဆက်စပ်နေတဲ့ အလုပ်တွေကိုတော့ ဥပဒေနဲ့ တားဆီး ကာကွယ်ပေးထားတာမရှိဘူးလို့ အာရှလွတ်လပ်ရေး နဲ့ ဟောင်ကောင်တရားရေးဌာနက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အလွန်အမင်းမှီခိုနေရတဲ့ ဟောင်ကောင်မှာ အိမ်ဖေါ်လုပ်သားပေါင်း သုံးသိန်းနီးပါးရှိပြီး အများစုဟာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကတော့ ပထမဆုံးမြန်မာအိမ်ဖေါ်တွေ ဟောင်ကောင်ကို တရားဝင် စတင်ရောက်ရှိခဲ့ကြ ပါတယ်။ လာမယ့်သုံးလအတွင်း နောက်ထပ် မြန်မာအိမ်ဖေါ် နှစ်ရာလောက် ထပ်ရောက်လာစရာ ရှိပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာအိမ်ဖေါ်တွေဟာ အင်္ဂလိပ်စကားနဲ့ ကန်တုံတရုတ်စကား တတ်မြောက်မှု အားနည်းတာ၊ အင်တာနက်အပါအဝင် တခြားလိုအပ်တဲ့ ဗဟုသုတတွေ အားနည်းတာကြောင့် အနိုင်ကျင့် နှိပ်စက် ခံရမှာကို စိုးရိမ်ကြောင်း ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။