ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက် ပဲခူးတိုင်းမှာ ဆွေးနွေး
2010.09.01

ဒီခရီးစဉ်မှာ NLD ပါတီ ကျစ်လစ် ခိုင်မာရေးအတွက် အောက်ခြေအဖွဲ့ဝင်တွေနဲ့ ဆွေးနွေး ညှိနှိုင်းတာတွေ ပြုလုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကိုလည်း အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့၊ ခရီးစဉ်မှာ ပါဝင်သူ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“NLD နဲ့ supporter တွေကတော့ သပိတ်မှောက်တယ်၊ ရွေးကောက်ပွဲလည်း မဝင်ဘူး၊ မဲလည်း မပေးဘူး။ ပြည်သူလူထုအနေနဲ့တော့ ဆုံးဖြတ်ကြဖို့။ အဲဒီတော့ အဲဒီနေရာမှာ ပြည်သူလူထု သိထားဖို့အချက်တွေကို ပြောပါတယ်။ အဲဒါ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဘာဖြစ်နိုင်သလဲဆိုတာရယ်၊ နောက် တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲလို့ဆိုတာ ဘယ်ဟာတွေကို ပြောတာ။ ကျွန်တော်တို့ ဒါတွေကို ရှင်းပြတယ်။ နောက်လက်ရှိ နိုင်ငံရေးအခြေအနေ အပြောင်းအလဲ မဖြစ်နိုင်ပဲ ဖြစ်နေတာတွေ ဒါတွေအားလုံး ထည့်သွင်းစဉ်းစားပြီးတော့ ဒါ မဲဆန္ဒရှင်တွေက ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်၊ အဲဒါတွေကို ကျွန်တော်တို့ ပြောပါတယ်။”
ဒီခရီးစဉ်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်းနဲ့ ဦးစိုးဝင်းတို့ သုံးဦးသွား ရောက်ခဲ့တာပါ။ ပဲခူးတိုင်း တောင်ငူမြို့ကို တနင်္လာနေ့မှာ ရောက်ရှိပြီး အင်္ဂါနေ့ ညပိုင်းမှာ ရန်ကုန်ကို ပြန်ရောက်တာ ဖြစ်တယ်လို့ သိရပါတယ်၊
NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးတင်ဦးနဲ့အဖွဲ့ဟာ မနေ့က ဧရာဝတီတိုင်းအတွင်း စည်းရုံးရေးခရီးစဉ်က ပြန်လည်ရောက်ရှိတာ ဖြစ်ပါတယ်၊ ခုလို NLD ပါတီဝင်တွေအနေနဲ့ အနယ်နယ်အရပ်ရပ်ရှိ အောက်ခြေပါတီဝင်တွေနဲ့ တွေ့ဆုံပြီး ပါတီကျစ်လစ် ခိုင်မာရေး လုပ်ငန်းတွေ ဆောင်ရွက်နေသလို NLD လူငယ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တွေကို လမ်းညွန်ချက်အဖြစ် ထားရှိပြီး လူထုအတွင်း ရှင်းလင်း အကောင်အထည် ဖော်နေတယ်လို့ စုံစမ်း သိရပါတယ်။