တရုတ်တစ်ရှူးငှက်ပျောကိစ္စ လွှတ်တော်မှာဆွေးနွေး
2019.12.16
တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုးထုတ်လုပ်မှုကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်တားဆီးဖို့နဲ့ အခွန်ဘဏ္ဍာရရှိရေး မူဝါဒချဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်က ဒီနေ့အတည်ပြုလိုက်ပါတယ်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်း တင်သွင်းတဲ့ ကချင်ပြည်နယ် အပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ဧကများစွာ စိုက်ပျိုးနေတဲ့ တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲနိုင်စေဖို့၊ ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုး တွေကို ကြိုတင်တားမြစ်နိုင်ဖို့နဲ့ ရသင့်တဲ့ အခွန်ဘဏ္ဍာတွေကို ထိရောက်တဲ့ မူဝါဒစီမံချက်ချပြီး ဆောင်ရွက်ပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်မှာ ဒီဇင်ဘာ ၄ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပြီး အဲ့ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၄ ဦးက ဆွေးနွေးခဲ့ကြပြီးနောက် အမျိုးသားလွှတ်တော်မှာ ဒီနေ့ မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။
အဲဒီအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးက ထောက်ခံခဲ့ပြီး ကန့်ကွက်သူ လေးဦးရှိခဲ့သလို ကြားနေမဲက နှစ်မဲ ရှိခဲ့ပါတယ်။ ထောက်ခံမဲများတဲ့အတွက် အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
အဆိုကို ထောက်ခံ ဆွေးနွေးခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကချင်ပြည်နယ်မှာ တစ်ရှူးငှက်ပျော စိုက်ဧက တစ်သိန်းခြောက်သောင်းကျော် ရှိနေပြီး စိုက်ပျိုးရေး ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် စိုက်ပျိုးနေကြကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြသလို အခုလိုစိုက်ပျိုးတာတွေ ကြောင့် သဘာပတ်ဝန်းကျင်ထိခိုက်တာတွေ၊ ဒေသခံတွေ ကျန်းမာရေး ထိခိုက်တဲ့ ဆိုးကျိုးတွေ ကြုံတွေ့နေရတယ် လို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို လျှောက်ထားပြီး လုပ်တာမျိုးမဟုတ်ဘဲ လယ်သမားတွေနဲ့ တိုက်ရိုက်စာချုပ်တာ၊ အစိုးရထံက မြေယာလုပ်ပိုင်ခွင့်လျှောက်ထားနေချိန်မှာတင် စတင်အကောင်အထည်ဖော် လုပ်ဆောင်တာတွေရှိနေတာကြောင့် နိုင်ငံရဲ့ ဘဏ္ဍာငွေ အခွန်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။
ကုမ္ပဏီတွေရဲ့ နောက်ကွယ်မှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက ငွေကြေးထောက်ပံ့ပေးထားပြီး တစ်ရှူးငှက်ပျောစိုက်ပျိုးဖို့အတွက် စိုက်ပျိုးမြေတွေကို ဖိအားပေး၊ ခြိမ်းခြောက် အတင်းအဓမ္မယူတာ၊ ညှိနှိုင်းငှားရမ်းတာ၊ ညှိနှိုင်းဝယ်ယူတာစတဲ့ ပုံစံတွေနဲ့ ရယူကြတယ်လို့ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စန်းမောင်မောင်က ဆွေးနွေးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားကိုယ်စားလှယ် ဦးကျော်သောင်းကလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ရှိတဲ့ ရွာလေးရွာနဲ့ ဗန်းမော်မြို့နယ်မှာရှိတဲ့ ရွာနှစ်ရွာကို ကွင်းဆင်းသုတေသန ပြုပြီး ရရှိလာတဲ့စစ်တမ်းအရ တစ်ရှူးငှက်ပျော စိုက်ပျိုးမြေနဲ့ပတ်သက်ပြီး ပိုင်ရှင်သဘောတူညီမှုနဲ့ ရယူစိုက်ပျိုးတာ ၄၁ ရာခိုင်နှုန်းရှိပြီး ပိုင်ရှင်သဘောမတူဘဲ ရယူစိုက်တာ ၅၉ ရာခိုင်နှုန်းရှိတယ်လို့ ဆွေးနွေးပါတယ်။
အစိုးရက ထိရောက်တဲ့ အရေးယူမှုတွေ မရှိသေးခင်မှာပဲ တစ်ရှူးငှက်ပျောခင်းတွေက အောက်ခြေမြေပြင်မှာ တစ်စတစ်စ တိုးပွားလာတာကြောင့် တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို မဖြစ်မနေ ခွင့်ပြုမယ်ဆိုရင် ပြည်ထောင်စုအစိုးရအနေနဲ့ စနစ်တကျ ထိန်းသိမ်းကွပ်ကဲ ဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း ဦးကျော်သောင်းက ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးမှုအပြီးမှာ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ဒုတိယဝန်ကြီး ဦးလှကျော်က တစ်ရှူးငှက်ပျောစိုက်ပျိုးတဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ကုမ္ပဏီတစ်ခုကို အတည်ပြုမိန့်ထုတ်ပေးထားကြောင်းနဲ့ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို လုပ်ငန်းအဆိုပြုချက် လျှောက်ထားလာမယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေ၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိကို ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့နဲ့ ကြပ်မတ်စစ်ဆေးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရဲ့ ၂၀၁၈ -၁၉ စာရင်းအရ နိုင်ငံတစ်ဝန်းလုံးမှာ ငှက်ပျောစိုက်ဧရိယာ ဧက ၂ သိန်း ၆ သောင်းကျော် စိုက်ပျိုးထားပြီး ကချင်ပြည်နယ်မှာ ဧက ၇ သောင်းကျော်၊ ဧရာဝတီတိုင်းမှာ ဧက ၆ သောင်း၊ စစ်ကိုင်းတိုင်းမှာ ဧက ၂ သောင်းကျော်၊ ရှမ်းပြည်နယ်မှာ ဧက နှစ်သောင်း၊ ပဲခူးတိုင်း ကရင်ပြည်နယ် တနင်္သာရီတိုင်း၊ မန္တလေးတိုင်းတို့မှာ ဧက တစ်သောင်းကျော် စိုက်ပျိုးထားတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ငှက်ပျောစိုက်ဧကနဲ့ပတ်သက်ပြီး စာရင်းကောက်ယူရာမှာ နယ်မြေလုံခြုံမှု အခြေအနေပေါ် မူတည်ပြီး စာရင်းကောက်ရတာဖြစ်လို့ ဒီထက်ပိုတဲ့ ဧရိယာတွေလည်း ရှိနိုင်မှာဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးလှကျော်က ဆိုပါတယ်။
ကချင်ပြည်နယ်အစိုးရအနေနဲ့ လက်ရှိ စိုက်ပျိုးဧရိယာတွေအပြင် ထပ်မံတိုးချဲ့စိုက်ပျိုးတာမျိုး မပြုစေဖို့အတွက် ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ ဒီနှစ် ဧပြီလတွေက ညွှန်ကြားဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။
တစ်ရှူးငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းကို ထိထိရောက်ရောက် ကြီးကြပ် ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဦးဆောင်ပြီး တစ်ရှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း မူကြမ်းရေးဆွဲပြီး ဖြစ်ပြီး အဲဒီမူကြမ်းအပေါ် နောက်ဆုံးအကြိမ် ပြင်ဆင်ဖြည့်စွက်လိုတဲ့ အချက်တွေကို ဆက်စပ်တဲ့ ဌာနတွေဆီ တောင်းခံထားတယ်လို့ သိရပါတယ်။
အဲဒီမူကြမ်းပြီးသွားရင် တစ်ရှူးငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး စိုက်ပျိုးမြေယာ ရယူအသုံးချမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ စိုက်ပျိုးရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ ကျွမ်းကျင်ပညာရှင်၊ ဝန်ထမ်း အလုပ်သမားခန့်ထားရေး၊ တရုတ် နိုင်ငံသားတွေ ဝင်ရောက်ထွက်ခွာစည်းကမ်းတွေ၊ သယ်ယူပို့ဆောင် ကုန်သွယ်ခြင်းလုပ်ငန်း စည်းကမ်းတွေ၊ အခွန်အခ ပေးဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ တစ်ရှူးငှက်ပျော စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ကြီးကြပ်မှုကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ပုံမှန် စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားနိုင်မယ်လို့ ဝန်ကြီးက ပြောပါတယ်။
တရုတ်နိုင်ငံကို တစ်ရှူးငှက်ပျော တင်ပို့မှုအနေနဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ တန်ချိန် ၁၅ သိန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၅၃၃ သန်းကျော် တန်ဖိုးရှိတယ်လို့ ဝန်ကြီး ဦးလှကျော်က ပြောပါတယ်။
တစ်ရှူးငှက်ပျောကို ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်နဲ့ မိုးမောက်မြို့နယ်တွေမှာ စိုက်ပျိုးထားပြီး ဝိုင်းမော်မှာ အများဆုံးစိုက်ပျိုးတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။