ရှမ်းပြည်အရှေ့ပိုင်းမှာ ဆုံဆို့နာရောဂါကြောင့် တစ်လအတွင်း ခြောက်ဦးသေဆုံး

မီမြာ၊ နန်းမို
2020.08.16
diphtheria2-622.jpg မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များကို ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent Vaccine) ထိုးနှံပေးနေသည့် မြင်ကွင်းတခု။
File Photo/ MOI Web Portal Myanmar

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ် မြို့နယ်ငါးမြို့နယ်မှာ ဆုံဆို့နာရောဂါ ကူးစက်မှုကြောင့် သံသယလူနာ စုစုပေါင်း ၅၄ ဦးရှိပြီး တစ်လအတွင်း အဲဒီထဲက ခြောက်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က RFA ကို ပြောပါတယ်။

ကူးစက်ခံရသူ အများစုဟာ တာချီလိတ်မြို့နယ်ကဖြစ်ပြီး ကျေးလက်ဒေသတွေမှာ နေထိုင်သူတွေ အဖြစ်များ တယ်လို့ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၇ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောပါတယ်။

သေဆုံးသူတွေက ကလေးတွေဖြစ်ပြီး သံသယ လူနာအများစုကလည်း ကလေးငယ်တွေသာ ဖြစ်ပါတယ်။

ဆုံဆို့နာရောဂါပိုး ကူးစက်ခံရသူ နှာချေ၊ ချောင်းဆိုးကနေတဆင့် ထွက်လာတဲ့ ရောဂါပိုး ပါဝင်တဲ့ အစက်အမှုန် တွေက အသက်ရှူလမ်းကြောင်းထဲ တိုက်ရိုက်ဝင်ရောက်ရာကနေ  ကူးစက်လေ့ရှိပြီး ရောဂါပိုးရှိသူရဲ့ အနာတွေကို ထိမိရာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

ဆုံဆို့နာရောဂါဟာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ လည်ချောင်းနာတာ၊ အစားအစာ မျိုချရခက်တာ၊ အစားပျက်တာ၊ အသက်ရှူရခက်တာနဲ့ အာခေါင်မှာ အမြှေးပါးပေါ်တာတို့ ဖြစ်ပါတယ်။

အာခေါင်နဲ့ အသက်ရှူလမ်းကြောင်းတလျှောက်မှာ အမြှေးပါးဖြစ်ပြီး အသက်ရှူရ ခက်နိုင်တယ်လို့ ဒေါက်တာ မြင့်ကျော်က ပြောပါတယ်။

ဆုံဆို့နာရောဂါဟာ အဆိပ်ထုတ်တဲ့အတွက် ထွက်ရှိတဲ့အဆိပ်ဟာ နှလုံး၊ ကျောက်ကပ်နဲ့ အာရုံကြော စနစ်ကို ပျံ့နှံ့ပြီး ရောဂါပြင်းထန်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။

ပုံမှန်ကာကွယ်ဆေး မထိုးခဲ့ရတဲ့သူတွေမှာ ဖြစ်နိုင်ချေများပြီး ဆုံဆို့နာရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ-ဘီနဲ့ ဦးနှောက်အမြှေးရောင် (Hib) ရောဂါတို့ကို ကာကွယ်နိုင်တဲ့  "ငါးမျိုးစပ် ကာကွယ်ဆေး (Pentavalent Vaccine)" ထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ဆုံဆို့အပါအဝင် ရောဂါငါးမျိုးကာကွယ်နိုင်တဲ့ ငါးမျိုးစပ်ကာကွယ်ဆေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ကလေးအသက် ၂ လ၊ ၄ လနဲ့ ၆ လ အရွယ်တွေမှာ အခမဲ့ ထိုးနှံပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။