မန္တလေးမှာ နိုင်ငံကူးလက်မှတ် ရဖို့ခက်ခဲနေပြီး နေ့စဥ် လူသုံးထောင်ကျော် တန်းစီစောင့်နေရ
2024.01.09

မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်စာအုပ် (ပတ်စ်ပို့စ်) ရုံးမှာ ဇန်နဝါရီ ၈ ရက်ကစပြီး နေ့စဥ် လူသုံးထောင်ကျော် လာရောက် တန်းစီနေကြသလို ပတ်စ်ပို့စ်ရရှိဖို့လည်း အခက်အခဲ ဖြစ်နေကြတယ်လို့ ကိုယ်တိုင် သွားရောက်ခဲ့သူတွေက ပြောပါတယ်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ပုံစံ ပြောင်းလဲလိုက်တာကြောင့် လာရောက် လျှောက်ထားသူ ဦးရေ များပြားသွားပြီး လက်မှတ်ရရှိဖို့ပါ ခက်ခဲသွားတယ်လို့ ဆိုပါတယ်။
အရင်က လာရောက် လျှောက်ထားသူတွေထဲက အများအပြား ပတ်စ်ပို့စ်လုပ်ခွင့် ရခဲ့ပေမယ့် ဇန်နဝါရီလ ၈ ရက်ကစပြီး လာရောက် တန်းစီသူတွေထဲက လူဦးရေ ၂၅၀ ကိုသာ ထုတ်ပေးတဲ့ပုံစံ ပြောင်းလဲလိုက်တာပါ။
ဒါကြောင့် ပတ်စ်ပို့စ် ရရှိဖို့အတွက် ညပိုင်းကတည်းက လာရောက် တန်းစီသူတွေ ရှိနေပြီး အဲဒီအထဲက အနည်းငယ်သာ လုပ်ခွင့်ရကြတယ်လို့ ကိုယ်တိုင် သွားရောက်တန်းစီခဲ့သူ တစ်ဦးက RFA ကို ပြောပါတယ်။
“လူတွေက အများကြီးပဲဗျ။ ညပိုင်းမှာတင် တန်းတဲ့သူက ထောင်ကျော်ရှိမယ်။ တန်းလိုက် တဲ့အခါကျတော့ သူတို့ (ရဲ) က အပြင်ထွက်လာပြီး မတန်းဖို့အရေး ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့ ထွက်ပြေးရတယ်။ လူတွေက မရဘူး ထပ်ပြီးတော့ တန်းကြတယ်။ ထပ်တန်းကြတော့လည်း သူတို့က (ရဲ) ထွက်လာပြီးတော့ ရိုက်မယ်၊ ဘာညာ တုတ်တွေနဲ့ သံဇကာတွေ လိုက်ရိုက်ရင်းနဲ့ ရှေ့က လူတွေကို ရိုက်မိကြတယ် ပြောတယ်ဗျ။ အဲဒီလိုမျိုးကတော့ လေး၊ ငါးခါလောက် ကြုံရတာ။ တန်းတော့လည်း အယောက် နှစ်ဆယ်စာလောက်ပဲ မှတ်ပုံတင်လေး ကောက်ပြီး ကျန်တဲ့သူတွေ အကုန်လုံးကို ဖြတ်ချပစ်လိုက်တယ်”
ညပိုင်းကတည်းက လာရောက်တန်းစီသူတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတွေက မှတ်ပုံတင်သိမ်းပြီး တစ်လ ပိတ်ပင်မယ့်အကြောင်း ခြိမ်းခြောက်တာတွေပါ ကြုံတွေ့ရ တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တန်းစီတဲ့နေရာမှာ နေရာ ရောင်းစားတာပါ ရှိနေတာကြောင့် လက်မှတ်ရရှိဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ကိုယ်တိုင် သွားရောက်တန်းစီခဲ့သူ နောက်တစ်ဦးက RFA ကို ပြောပါတယ်။
“ရန်ကုန်ဆိုရင် QR ရတဲ့ ပုံစံမျိုးပေါ့။ အဲဒါကို တန်းစီနေရတာ။ ပွဲစားတွေကလည်း တစ်ညလုံး တန်းထားတယ်။ လုပ်မယ့်သူက လုပ်မယ့်အချိန် မနက်ခင်းမှ ရောက် လာတယ်။ ကျွန်တော်တို့ လိုအပ်လို့ တန်းတဲ့သူတွေကျတော့ ဒါကို လက်သင့် မခံချင်ဘူး။ ပြီးရင် သူတို့က လူတွေ ချိန်းတယ်။ ငါးသောင်း၊ တစ်သိန်း၊ တစ်သိန်းခွဲ အဲဒီလိုမျိုး။ ကျွန်တော်တို့ကတော့ ရဲနဲ့ ပွဲစား ပေါင်းလုပ်ကြတယ် ထင်တာပဲ”
အသစ် လုပ်မယ့်နေရာ၊ သက်တမ်း တိုးမယ့်နေရာ၊ စာအုပ် ထုတ်မယ့်နေရာဆိုပြီး သီးခြား သတ်မှတ်ထားတာမျိုး မရှိတာကြောင့် မလိုအပ်ဘဲ အချိန် ကြန့်ကြာနေရပြီး နယ်က လာတန်းစီရသူတွေ ပိုဒုက္ခဖြစ်ရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အွန်လိုင်းစနစ်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုကို ရန်ကုန်မြို့ တစ်ခုတည်းမှာသာ လျှောက်ထားလို့ရမှာဖြစ်ပြီး ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေက ရုံးတွေမှာတော့ လူကိုယ်တိုင် သွားရောက် လျှောက်ထားကြရတာပါ။