လက်နက်ကြီးပေါက်ကွဲလို့ ကော့ကရိတ်မြို့ခံတစ်ဦး သေဆုံး
2023.04.07

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ စစ်တပ်ဘက်က ပစ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဧပြီ ၆ ရက်နေ့က ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။
ဧပြီ ၆ရက်ညက ၈ နာရီခွဲလောက်မှာ ခမရ ၉၇ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကော့ကရိတ်မြို့ ခနိမ်းမူရပ်ကွက်ထဲက ဦးထွန်းမောင် အသက် ၅၇ နှစ်ရဲ့ တဲပေါ် ကျရောက်ပေါက်ကွဲတာမှာ ထိမှန်ဒဏ်ရာရပြီး သေဆုံးတာကြောင့် ဧပြီ ၇ ရက် မနက်မှာ အရပ်သားတွေက သင်္ဂြိုလ်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျုံဒိုးမြို့ပေါ် ရပ်ကွက်တွေကိုလည်း ဧပြီ ၆ ရက်နေ့ညက နှစ်ဖက်တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရပ်ကွက်က နေအိမ်လေးလုံးမီးလောင်ခဲ့ပြီး ကျုံဒိုးပေါ်တော်မူစေတီလည်း ထိမှန်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမှတ် (၁) မြောက်ကရင်စုမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“၅၄၅ စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ မနေ့က ဧပြီ ၆ ရက် ည ၇နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ မြောက်ကရင်စုအပိုင်းက နေအိမ်လေးလုံး မီးလောင်ပြာကျပြီးတော့ ရပ်ကွက်ထိပ်က ကျုံဒိုးပေါ်တော်မူစေတီပါ အလုံးကြီး ကျည်ထိမှန်ပြီး ပျက်စီးတာတွေရှိတယ်၊ အလုံးကြီးကျည်ကျပြီး အဲ့နားက အိမ်တွေ ငါးလုံး ခြောက်လုံးလောက် ပျက်စီးကုန်တယ်၊ လူတွေက စစ်ရှောင်ပြီး ရှောင်အိပ် နေကြတော့ ဘာမှ မထိခိုက်ဘူး။ သူတို့အိမ်တွေကတော့ မီးထဲကုန်တာပေါ့။ ညက မီးလောင်ချိန် ညမထွက်ရအမိန့်ရှိတော့ မနက် အိမ်ရှင်တွေ ပြန်လာကြည့်တာမှာ မီးက လောင်ကုန်ပီလေ၊ အရင် နှစ်ပတ်ကျော်က ကွက်သစ်ပိုင်းလည်း အဲ့လိုလက်နက်ကြီးကျပြီး မီးလောင်တာမှာ အလုံးသုံးဆယ်ကျော် လေးဆယ်နီးပါး မီးထဲပါကုန်တယ်”
ပြီးခဲ့တဲ့ မတ်လ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မြို့တွင်း ကျုံဒိုးရဲစခန်းနဲ့ ၅၄၆ တပ်ဘက်မှာ တိုက်ပွဲဖြစ်စဉ်က စစ်တပ်ဘက်က ပစ်တဲ့လက်နက် ကွက်သစ် ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲရာမှာ နေအိမ် ၃၇ လုံး မီးလောင်ပြီး အလုံးနှစ်ဆယ်လောက် ပျက်စီးခဲ့ပါတယ်။
အခုလို ကျုံဒိုးမြို့ မှာ စစ်တပ်လက်နက်ကြီးကျပြီး နေအိမ်တွေ မီးလောင်ပျက်စီးတာ၊ ဒေသခံတစ်ဦး သေဆုံးတာနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ကျုံဒိုးမြို့ အလယ်ပိုင်း လမ်းမဘေးမှာရှိတဲ့ ကျုံဒိုးရဲစခန်း၊ ကျုံဒိုးမြို့ပြင်က BGF စစ်ဆေးရေးဂိတ်တွေ စစ်တပ်လုံခြုံရေးဂိတ်တွေကို KNLA ပူးပေါင်း Lion ဗျူဟာစစ်ကြောင်း ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာကနေ ၂၉ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။
စစ်ရေးတင်းမာနေတဲ့အချိန်မှာ ရပ်ကွက်တွေထဲ စစ်တပ်၊ ရဲ၊ BGF နဲ့ ပျုစောထီးတွေ ပစ်ခတ်တာကနေ ဧပြီ ၇ ရက်အထိ အရပ်သား သုံးဦး၊ ကလေးနှစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့ရပြီး၊ ငါးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေဟာ ဘားအံဆေးရုံနဲ့ ကော့ကရိတ်ဆေးရုံတွေမှာ ဆေးကုသမှု ခံနေရပါတယ်။
ကရင်ပြည်နယ်ထဲမှာ ဧပြီလ ၁ ရက်နေ့ကနေ ဧပြီ ၇ရက်အထိ စစ်ကောင်စီတပ်၊ BGF နယ်ခြားစောင့်တပ်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ KNLA တပ်ဖွဲနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်နေကြတဲ့ Lion ဗျူဟာစစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ နဂါးနီစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတွေနဲ့ ဒရုန်းတိုက်ခိုက်ရေးအဖွဲ့တွေက စစ်ကောင်စီတပ်စခန်း၊ BGF တပ်စခန်းနဲ့ တရုတ်ကာစီနို လောင်းကစားရုံတွေကို ဆက်လက်တိုက်ခိုက်နေတာကြောင့် မြဝတီ၊ ရွှေကုက္ကို၊ ကော့ကရိတ်၊ ကျုံဒိုးမြို့ဘက်တွေမှာ နှစ်ဘက်စစ်ရေးတင်းမာနေပါတယ်။