ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ အဂတိမှု ဦးမောင်ဝိတ် လာရောက်ထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အဂတိလိုက်စားမှု နှစ်မှုအတွက် မေလ ၃၁ ရက်နေ့ရုံးချိန်းမှာ ဦးမောင်ဝိတ်ကိုယ်တိုင် လာရောက်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးမောင်ဝိတ်က သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလှူငွေအဖြစ် အကြောင်းပြပေးအပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ငါးသိန်းငါးသောင်းကို ဒေါ်အောင်ဆန်းစုကြည် က ၂ဝ၁၉ နဲ့ ၂ဝ၂ဝ မှာ လေးကြိမ်ခွဲပြီးတော့ လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုနှစ်မှုဖြစ်ပါတယ်။
ငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့သာ ရည်ရွယ်ပြီး လှူတဲ့အကြောင်း ဦးမောင်ဝိတ် က မနေ့က ရုံးချိန်းမှာ ထွက်ဆိုပြီး ရုံးချိန်းပြန်ခါနီးမှာ ဦးမောင်ဝိတ်က၊ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့တယ်လို့ သိရပါတယ်။
ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့အကြောင်း သူကိုယ်တိုင် ဝန်ခံထွက်ဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြဝတီရုပ်သံလိုင်းကနေ ပြီးခဲ့တဲ့နှစ် မတ်လက ထုတ်လွှင့်ခဲ့တာပါ။
စစ်ကောင်စီက အခုလို အဂတိမှုတွေနဲ့ တရားစွဲဆိုတာတွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သိက္ခာချချင်လို့ ပြုလုပ်တာဖြစ်သလို နိုင်ငံရေးလောကကနေ သူ့ကို အပြီးတိုင်ဖယ်ထုတ်နိုင်ရေး ကြိုးပမ်းချက်တွေ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။
အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။ လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာကြောင့် အမှု ၁၃ မှုနဲ့ ဆက်လက်တရားရင်ဆိုင်နေရပါတယ်။